ကမ္ဘာ့ဂျုံဈေးကွက်နှင့် စိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

   ကမ္ဘာပေါ်တွင် လူသားများအသက်ရှင်နေထိုင်စားသောက်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကဏ္ဍမှာ  မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးစီးပွားရေးကဏ္ဍမှာ အရေးပါသည့်စီးပွားရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှ အစိုးရများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရန်အတွက်နှင့် နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရန်အတွက် အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိကြပါသည်။

    ဂျုံသီးနှံသည် ဆန်၊ ပြောင်းတို့နှင့်အတူ လူသားများအဓိကစားသုံးသည့် သီးနှံအုပ်စုကြီး(၃) ခုအနက် တစ်ခုဖြစ်သည့်အတွက် ကမ္ဘာ့စိုက်ပျိုးမှုအများဆုံးသီးနှံများထဲမှ တစ်ခုဖြစ်ပါသည်။ ဂျုံကို ကမ္ဘာ့မြေနေရာအများအပြားတွင်စိုက်ပျိုးနိုင်ပြီး အနိမ့်ဆုံးအပူချိန် 25°Cမှ  အမြင့်ဆုံးအပူချိန် 30°C နှင့် 32°Cကြားထဲတွင် စိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။  ဂျုံကို အဓိကစားသုံးသည့်နိုင်ငံများတွင် ဂျုံစိုက်ပျိုးမှုနှင့် တင်သွင်းမှုများပြားပြီး တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံများသည် ဂျုံစိုက်ပျိုးမှုအများဆုံး(၃)နိုင်ငံဖြစ်ကြပါသည်။ ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံများမှာ အီဂျစ်၊ တရုတ်၊ တူရကီနိုင်ငံများဖြစ်ကြောင်းသိရှိရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဂျုံတင်ပို့မှုအများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ကာ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံများသည် ဒုတိယနှင့်တတိယတင်ပို့မှု အများဆုံးနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိနေပါသည်။ ယူကရိန်း-ရုရှားစစ်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ပဋိပက္ခများ ကြောင့် ဂျုံဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပြီး ၂၀၂၂ခုနှစ်တွင် ဂျုံကုန်သွယ်မှုပမာဏမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမေရိကန်ဒေါ်လာ ၁၅၃.၂ဘီလီယံခန့် ရှိခဲ့ကြောင်းသိရှိရပါသည်။

     ဂျုံကို နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်အနေဖြင့် ISO-7970:2021 သတ်မှတ်ထားပြီး အစိုဓာတ်ပါဝင်မှု၊ အရွယ်အစား၊ ပရိုတင်းပါဝင်မှု၊ ကျိုးကြေမှုရှိ/မရှိနှင့် အလေးချိန် အစရှိသည်တို့ကို သေချာစစ်ဆေးကြောင်းသိရှိရပါသည်။

   စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အရေးပါသောစီးပွားရေးကဏ္ဍတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဂျုံစိုက်ပျိုးတင်ပို့ရောင်းချမှုများပြုလုပ်ပါက နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံတော်ဘဏ္ဍာငွေများရရှိနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ပဝင်ငွေများပိုမိုရရှိနိုင်ရန် အဆင့်မီစေရန်အတွက် တောင်သူများအား အသိပညာပေးခြင်းနှင့် သင်တန်းပို့ချခြင်းများဆောင်ရွက်ပေး လျက်ရှိနေပါသည်။ ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စားနပ်ရိက္ခာလိုအပ်ချက်လည်း များပြားလာမည်ဖြစ်သည့်အတွက် ဂျုံစိုက်ပျိုးတင်ပို့ပြီး နိုင်ငံခြားငွေရရှိ၍  ပြည်တွင်းဘဏ္ဍာငွေများတိုးပွားရရှိလာနိုင်သောကြောင့် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)