ထိုင်းဆန်တန်ချိန် ၂ သန်း ဝယ်ယူရန် အင်ဒိုနီးရှားကြိုးပမ်း

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မိုးခေါင်ခြောက်သွေ့မှုကြောင့် ၂၀၂၃ ခုနှစ်၌ ဆန်ထုတ်လုပ်မှု လျော့ကျခဲ့ခြင်းအပေါ် ပြည်ပမှတင်သွင်း၍ ဖြည့်ဆည်းရန် စီစဉ်လျက်ရှိရာ ရှေ့လာမည့်နှစ်အတွင်း ထိုင်းဆန်တန်ချိန် ၂ သန်းကို ဝယ်ယူရရှိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းအစိုးရက ၁၉-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

    ရာသီဥတု ခြောက်သွေ့မှုကြောင့် ၂၀၂၄ ခုနှစ် ရိတ်သိမ်းရာသီအတွက် စပါးစိုက်ပျိုးမှုမှာ နှောင့်နှေးမှုများ ဖြစ်ပေါ်ခြင်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်၌ ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ အင်ဒိုနီးရှားအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် ဆန် တင်သွင်းရန် ခွဲတမ်း (Quota) ကို တန်ချိန် ၃.၈ သန်း ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂ သန်း သို့ လျှော့ချခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေး အေဂျင်စီဖြစ်သော Bulog အဖွဲ့က နိုဝင်ဘာလ၌ ထုတ်ပြန်ပြောဆိုခဲ့သည်။

     ဆန်တန်ချိန် ၂ သန်းကို ဝယ်ယူဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ဖော်ပြထားသည့် စာတစ်စောင် ကို ၁၈-၁၂-၂၀၂၃ နေ့တွင် အင်ဒိုနီးရှားနိုင်ငံထံမှ လက်ခံရရှိခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုပေးရန် မေးမြန်းခဲ့မှု အပေါ် Bulog အဖွဲ့က ချက်ချင်းလက်ငင်း တုံ့ပြန်မှုမရှိခဲ့ကြောင်းဖြင့် Bangkok Post သတင်းဌာန က ဖော်ပြပါသည်။

     သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာ၌ ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က အင်ဒိုနီးရှားနိုင်ငံသည် ဆန်တန်ချိန် ၁ သန်းကို ပုဂ္ဂလိက ကဏ္ဍမှလည်းကောင်း၊ နောက်ထပ် တန်ချိန် ၁ သန်းအား အစိုးရချင်းညှိနှိုင်းမှု အစီအစဉ်ဖြင့်လည်းကောင်း ဝယ်ယူရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ မူလက အင်ဒိုနီးရှားအနေဖြင့် ဆန်တန်ချိန် ၁ သန်းကို ယခုနှစ်ကုန်အပြီး ဝယ်ယူရရှိရန် ဆန္ဒရှိခဲ့ကြောင်း၊ မိမိတို့ဘက်မှ ရောင်းချရန်အသင့်ရှိပါက ၎င်းတို့ဘက်မှလည်း ဝယ်ယူရန် အသင့်ရှိခဲ့ကြောင်း၊ သို့သော် ၎င်းအချက်သည် ဖြစ်နိုင်ခြေ မရှိခဲ့ကြောင်းဖြင့် ပြောကြား ခဲ့သည်။

   အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်၌ တန်ချိန် ၃၁.၅၃ သန်းရှိရာမှ ယခုနှစ်တွင် တန်ချိန် ၃၀.၉ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်မူ ယခုနှစ်၌ အနိမ့်ဆုံးအားဖြင့် ဆန်တန်ချိန် ၈ သန်း တင်ပို့ရန် ရည်မှန်းထားပြီး ဇန်နဝါရီလမှ အောက်တိုဘာလအထိ နှစ်အလိုက် တိုးတက်မှုနှုန်း ၁၁.၄% ရရှိလျက် ဆန်တန်ချိန် ၆.၉ သန်းကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 19 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)