ဗီယက်နမ်နိုင်ငံတွင် ၂ဝ၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေသည် ၂ဝ၂၂ ခုနှစ် တစ်နှစ်လုံး၌ တင်ပို့ခဲ့မှုထက် တန်ဖိုးနှင့်ပမာဏပါ ကျော်လွန်ခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါ သည်။ ၂ဝ၂၃ ခုနှစ်တွင် ဗီယက်နမ်၏ စပါးစိုက်ဧရိယာမှာ ဟက်တာ ၇.၁ သန်း ရှိပြီး စပါးအထွက်နှုန်း ၁ ဟက်တာလျှင် ၆.ဝ၈ တန်ဖြင့် စုစုပေါင်း စပါးတန်ချိန် ၄၃.၁ သန်း ထွက်ရှိဖွယ်ရှိရာ ယခင်နှစ် ထက် တန်ချိန် ၄၂ဝဝဝဝ ခန့် ပိုမိုမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂ဝ၂၃ ခုနှစ် ပထမ ၁၁ လအတွင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၄၁ ဘီလီယံရှိသော ဆန်တန်ချိန် ၇.၇၅ သန်းကို တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၁၆.၂% နှင့် တန်ဖိုးအားဖြင့် ၃၆.၃% တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။ ဖော်ပြပါ ကာလအတွင်း ဆန်ပို့ကုန်ဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် ၁ တန်လျှင် ၅၆၈ ဒေါ်လာရှိသဖြင့် ၁၇.၃% မြင့်တက်ခဲ့ ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အရည်အသွေး၊ ပြုပြင်ထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖော်ပြခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် နှစ်စဉ်ဆန်တင်ပို့မှုပမာဏကို တန်ချိန် ၆ သန်းခန့်တွင် ထိန်းသိမ်းထားပြီး နှစ်အလိုက် တိုးတက်လျက်ရှိကြောင်း၊ နှစ်စဉ် ဆန်တင်ပို့မှုတန်ဖိုးမှာလည်း ဒေါ်လာ ၃ ဘီလီယံ၏ အထက်တွင် ဆက်လက်တည်ရှိလျက်ရှိကြောင်း ကိန်းဂဏန်းစာရင်းဇယားများအရ သိရှိရပါသည်။
လွန်ခဲ့သောသီတင်းပတ်အတွင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၊ Hau Giang ပြည်နယ်တွင် ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Tran Thanh Nam က ဗီယက်နမ်နှင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဆန်စပါး သည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိကြောင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကနိုင်ငံများမှ သွင်းကုန်ဝယ်လိုအား များပြားမှုကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာဆန်ဈေးကွက်သည် ရှေ့လာမည့်ကာလများတွင် ဆက်လက်၍ လှုပ်ခတ်နေဦးမည်ဖြစ်ကြောင်း၊ ပို့ကုန်ပမာဏမြင့်တက်ခြင်းသည် ဆန်တင်ပို့သည့်နိုင်ငံများ၌ ကုန်စည် သိုလှောင်ထားရှိမှုအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ပို့ကုန်ဈေးနှုန်းများမြင့်တက်ခြင်းသည်လည်း စပါးဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ်ကြောင်း၊ ယင်းအချက်က ပြည်တွင်း၌ ကြိတ်ခွဲရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများကိုလည်း တစ်စိတ်တစ်ပိုင်း အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Vietnam News, 19 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)