စပါးမျိုးကွဲအသစ်များအား ထိုင်းအစိုးရ အတည်ပြုမည်

Powered by Drupal

    ထိုင်းနိုင်ငံတွင် ဆန်စပါးဦးစီးဌာနသည် အထွက်နှုန်းမြင့် စပါးမျိုးကွဲ ၈ မျိုးအား ဧပြီလတွင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးလျက် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများသို့ ၎င်းစပါး မျိုးကွဲများကို အသိပေးမိတ်ဆက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

    နိုင်ငံတစ်ဝှမ်းရှိ အစိုးရသုတေသနဌာနများတွင် စိုက်ပျိုးထားသည့် စပါးမျိုးကွဲများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စပါးသုတေသနနယ်ပယ်၌ ကျွမ်းကျင်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်သည့် Ruam Jai Pattana Kwamroo နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒသည် လယ်သမားများ၏ ဝင်ငွေတိုးတက်စေရေး တီထွင်ဆန်းသစ်မှုကိုအသုံးပြုသည့် နိယာမအပေါ် အခြေခံထားကြောင်း၊ ထိုင်းဆန်၏ အရည်အသွေးနှင့် အရေအတွက်ကို မြှင့်တင်နိုင်ရန်ရည်ရွယ်လျက် အဆိုပါစပါးမျိုးကွဲများကို သုတေသန ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ၌ ပျမ်းမျှ စပါးအထွက်နှုန်းများသည် ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် ၇၀၀ ကီလိုဂရမ်မှ ၈၀၀ ကီလိုဂရမ် အတွင်းရှိရာမှ ၁ ရိုင်လျှင် ၁၃၀၀ ကီလို ဂရမ်နှုန်းအထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း၊ အစိုးရအနေဖြင့် လယ်သမားများ၏ ဝင်ငွေ မြင့်မားစေရေးအတွက် ဆန်စပါးကဏ္ဍကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးဦးစီးဌာနမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ Rudklao Suwankiri က ၁၇-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့သည်။ 

    ဆန်ဈေးကွက်အတွင်း ထိုင်းနိုင်ငံ၏ ထင်ရှားကျော်ကြားသော ထိုင်း Hom Mali ဆန်သည် ခြေကုပ်မရပဲ နေရာဆုံးရှုံးရမည့် အခြေအနေများ ဖြစ်ပေါ်ပြီးနောက် စပါးမျိုးကွဲသစ်များကို အသိအမှတ်ပြု လက်မှတ်ပေးအပ်မည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှု တိုးလာခြင်းသည် ဒေသတွင်း၌ ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်စေပြီး ကမ္ဘာ့ဈေးကွက်တွင် ဆန်ဝယ်လိုအား မြင့်မားမှုကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

Source: Bangkok Post, 18 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)