ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်လျှော့ချခြင်းကို သက်တမ်းတိုးမြှင့်

Powered by Drupal

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်သည် လာမည့်လများ၌ ဖြစ်ပေါ်မည့် ခြောက်သွေ့ရာသီဥတုတွင် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ဆန်နှင့် အခြားစားသောက်ကုန်များ တင်သွင်းမှုအပေါ်  အခွန်လျှော့ချခြင်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးရန် အတည်ပြုခဲ့ကြောင်း သမ္မတရုံးက ၂၆-၁၂-၂၀၂၃ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ .

    ငွေကြေးဖောင်းပွမှု မြင့်မားမှုကြောင့် ၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သော အခွန်နှုန်းထားများကို ယခုနှစ်တွင် သက်တမ်းတိုးထားခဲ့ပြီးကြောင်း၊ သို့သော် လက်ရှိ စီးပွားရေးအခြေအနေအရ ဆန်၊ ပြောင်းနှင့် အသားထွက်ကုန် စသည်တို့၏ အကောက်ခွန်နှုန်းထားများ လျှော့ချထားမှုကို ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ထပ်မံသက်တမ်းတိုးကျင့်သုံးရန် လိုအပ်မှုရှိခဲ့ကြောင်း၊ လာမည့်နှစ် အစောပိုင်းတွင် တွေ့ကြုံလာနိုင်သည့် အယ်နီညိုခြောက်သွေ့ရာသီဥတုဖြစ်စဉ်နှင့် အာဖရိက ဝက် တုတ်ကွေး၏ ခြိမ်းခြောက်မှုများရှိနေချိန်တွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နှင့် သင့်တင့်သော စျေး နှုန်းများ၌ ထိန်းသိမ်းရန် ရည်ရွယ်ကြောင်းဖြင့် သမ္မတဖာဒီနန်မားကို့စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

   ဖိလစ်ပိုင်နိုင်ငံ၌ ဒုတိယမြောက် သက်သာမှုရရှိသည့် လအဖြစ် နိုဝင်ဘာလတွင် ငွေကြေးဖောင်းပွမှုမှာ ၄.၁% ရှိခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် ပထမ ၁၁ လတွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုမှာ ၆.၂% ရှိရာ ဖိလစ်ပိုင်ဗဟိုဘဏ်က ယခုနှစ်အတွက် မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှု အတိုင်းအတာဖြစ်သော  ၂% - ၄% ၏ အပြင်ဘက်တွင်  ရောက်ရှိနေခဲ့သည်။

   အသစ်ထုတ်ပြန်ခဲ့သော အမိန့်အရ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်သည် ၃၅% ဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပြောင်းသွင်းကုန်ခွန်မှာ ၅% မှ ၁၅% အတွင်းနှင့် ဝက်အသား ထုတ်ကုန်တင်သွင်းမှုအပေါ် အကောက်ခွန်သည် ၁၅% မှ ၂၅% အတွင်း ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Edge Malaysia, 26 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)