အိန္ဒိယနိုင်ငံ၌ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ရန်ရည်ရွယ်လျက် စားသုံးဆီများဖြစ်သော သန့်စင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီများ တင်သွင်းမှုအပေါ် အခွန်လျှော့ချ သတ်မှတ် ထားရှိမှုအား ၂၀၂၅ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်သည့် အမိန့်ကြော်ငြာစာကို အစိုးရက ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရသည် သန့်စင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီ တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်းများကို မူလက ၁၇.၅% သတ်မှတ်ရာမှ ၂၀၂၄ ခုနှစ် မတ်လအထိ ၁၂.၅% သို့လျှော့ချထားခဲ့သည်။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ၎င်းအမိန့်ကြော်ငြာစာ အရ ထိုသို့ အကောက်ခွန်လျှော့ချပေးမှုမှာ ၂၀၂၅ ခုနှစ် မတ်လအထိ သက်ရောက်မှုရှိမည်ဖြစ်ပြီး အဆိုပါ စားသုံးဆီများ၏ အခြေခံကုန်ကျစရိတ်ကို လျော့နည်းစေပြီး ပြည်တွင်း စားသုံးဆီစျေးနှုန်း များကိုလည်း ကျဆင်းစေမည်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံတွင် စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုသည် အောက်တိုဘာလ၌ ၆.၆၁% ရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၈.၇၀% သို့မြင့်တက်ခဲ့ကြောင်း၊ စားသုံးသူဈေးဆနှုန်း၏ တစ်ဝက်ခန့် နီးပါးမြင့်တက်လာခြင်းဖြစ်ရာ အိမ်ထောင်စုများစွာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် ၂၀၂၄ ခုနှစ်၌ အထွေထွေရွေးကောက်ပွဲနှင့် ရင်ဆိုင်ရမည့် အစိုးရအတွက် စိုးရိမ်မှုဖြစ်ပေါ်စေလျက် ရှိသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၆၀% ခန့်ကို ပြည်ပမှ ဝယ်ယူဖြည့်ဆည်းနေရပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ စားအုန်းဆီကို အဓိကတင်သွင်းလျက်ရှိသည်။
Source: Economic Times, 22 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)