ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

Powered by Drupal

   မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံးချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည် ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေး ဝတ်ဆင်လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိန်တွင် ဝါသီးနှံများ ထွက်ပေါ်လာပြီး ထွက်ရှိလာသောဝါသီးနှံများကို ဝါကြိတ်စက်ရုံများ မှဝယ်ယူကြသလို ရွာပွဲစားများမှလည်း ဝယ်ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ မန္တလေးမြို့တွင် ဝါသီးနှံမှ အဆင့်မြှင့်တင်၍ ချည်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် ချည်ထည်လုပ်ငန်းလုပ်ကိုင်ခြင်းကို ရွှေတောင်မြို့နယ်တစ်ခုသာ လုပ်ကိုင်ကြောင်း သိရပါသည်။ ရွှေတောင်မြို့တွင် ယက္ကန်းစင်ပေါင်း များစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ယက္ကန်းများနည်းလာပြီး စက်ယက္ကန်းများဖြင့် ယက်လုပ်ကြပါသည်။ ရွှေတောင်မြို့သည် စည်းလုံချည်လုပ်ငန်းဖြင့် နာမည်ကြီးပြီး ရွှေတောင်စည်း ဟူ၍လည်း လူသိများကြပါသည်။ ရွှေတောင်မြို့ရှိ စည်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မန္တလေးမြို့မှ ချည်များကိုဝယ်ယူ၍ ယက္ကန်းခတ်ကြပါသည်။ ထိုချည်များတွင် (၂/၈၀)ချည်နှင့် (၂/၁၀၀)ချည်ဟူ၍ရှိပြီး (၂/၈၀)စည်းမှာ ချည်ရိုးရိုးဖြစ်၍ (၂/၁၀၀)ချည်မှာ ချည်ပြောင်အမျိုးအစား ဖြစ်ပါသည်။ ချည်ထည်ခြင်းတူသော်လည်း (၂/၁၀၀)ချည်မှာ ပွဲတိုးသောအမျိုးအစားဖြစ်၍ ဈေးလည်းပိုများကြောင်း သိရပါသည်။

    မြန်မာအမျိုးသမီးများအနေဖြင့် ရွှေတောင်စည်းမှာ ဝတ်ဆင်ရတာ ပေါ့ပါးအေးမြပြီး ရာသီဥတုနှင့် လည်းကိုက်ညီ၍ ဝယ်ယူဝတ်ဆင်ကြပါသည်။

  ပထမကုန်ကြမ်းဖြစ်သော ဝါသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ကိုင်နိုင်သဖြင့် တန်ဖိုးရှိသောထုတ်ကုန်များရရှိနိုင်မည်ဖြစ်ပါသည်။ ဝါသီးနှံဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ် ရရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ရွှေတောင်စည်းကိုထုတ်လုပ်လျှင် ရိုးရိုးစည်လုံချည်ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ ကျပ်၊ ပွဲတက် (၂/၁၀၀)စည်း ဝမ်းဆက်တစ်စုံလျှင် ၂၉၀၀၀ကျပ်အထိ ဈေးကောင်းရသဖြင့် ဝါဂွမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချနိုင်လျှင် အကျိုးအမြတ် များပိုမိုရရှိနိုင်ကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးကူညီလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်တက်ထုတ်လုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အကျိုးရှိနိုင်သလို နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြား ဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့ ဆိုသောသတင်းကို ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)