ဈေးကွက်အတွင်း အရောင်းသွက်နေသော ငါးနှပ်ခြောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးသည် ငါးပိ၊ ငါးခြောက်နှင့် ရေချို၊ ရေငန် ငါး၊ ပုစွန်များ ပေါများစွာထွက်ရှိသော မြန်မာနိုင်ငံ၏အရေးပါပြီး အချက်အချာကျသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအထူးကောင်းမွန်ပြီး ရေလမ်း၊ ကုန်လမ်းဖြင့် ကုန်စည်များကို လွယ်ကူလျင်မြန်စွာပို့ဆောင်ပေးနိုင်သည့် နေရာတစ်ခုလည်းဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက် အထူးအဆင်ပြေပြီး ပြည်သူများအနေဖြင့်လည်း အလုပ်ကိုင်များကို ရာသီပေါ်ချိန်နှင့်ဆက်စပ်၍ လုပ်ကိုင်စားသောက်နိုင်သည့် အဖိုးဖြတ်မရသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါသည်။ အသင့်စားသုံးနိုင်သော ငါးနှပ်ခြောက်များကို ဖျာပုံမြို့၊ (၄)လမ်းရှိ “ကောင်းကောင်း” ငါးနှပ်ခြောက်လုပ်ငန်းနှင့် အမှတ်(၃)၊ စာတိုက်(၆) လမ်း၊ (၁၀) ရပ်ကွက်ရှိ “မဟာစံ” ငါးနှပ်ခြောက်လုပ်ငန်းတို့မှ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချပြီး ဒေသတွင်းနှင့် ရန်ကုန်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါသည်။ အဓိကကုန်ကြမ်း “အာဗြဲခြောက်” ငါးခြောက်များကို ရန်ကုန်ပွဲရုံမှ လိုအပ်သည့်အရွယ်အစားနှင့်  လိုသလာက်ဝယ်ယူရရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအနေဖြင့် သိန်း(၆၀၀) ခန့်ရင်းနှီးမြှုပ်နှံရပြီး လုပ်သားဦးရေ (၆)ဦး၊ (၇) ဦး ခန့်ဖြင့် လုပ်ကိုင်ရပါသည်။ အလုပ်သမား တစ်ဦးလျှင် လုပ်ခလစာမှာ (၁၅၀၀၀၀) ကျပ်မှ (၂၀၀၀၀၀) ကျပ်ခန့်ပေးရပြီး၊ တစ်လအတွင်း ကုန်ကြမ်းငါးခြောက်ဝယ်ယူမှုမှာ တစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်ဖြင့် (၇၅) ပိဿာခန့်ဝယ်ယူရပါသည်။ ထုတ်လုပ်ပုံမှာ ငါးခြောက်များကို ခေါင်း၊ အမြီးဖြတ်၍ (၁၅) မိနစ်ခန့် ရေစိမ်ပြီး ပြောင်စင်အောင်ဆေးကြောကာ ငါးခြောက်များကို (၁)ရက်ခန့်နေလှန်းရပါသည်။ နေလှန်းပြီးသောငါးခြောက်များကို ဗိုက်ခွဲကာ ပြန့်သွားအောင်ထုပေးရပါသည်။ ပြန့်သွားသည့် ငါးခြောက်များကို မီးသွေးမီးဖိုဖြင့်ကင်ကာ အလေးချိန်ချင်တွယ်ပြီး ပါကင်ထုပ်၍ ဈေးကွက်သို့ဖြန့်ဖြူးရောင်းချပါသည်။ (၄၀) ဂရမ်ပါ  တစ်ထုပ်လျှင် (၂၅၀၀) ကျပ်ဖြစ်ပြီး (၄၅) ဂရမ်ဘူးသေးတစ်ဘူးလျှင် (၃၆၀၀) ကျပ်၊ ဘူးကြီး (၂၂၀) ဂရမ် တစ်ဘူးလျှင် (၁၇၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(ဧရာဝတီ)