ပခုက္ကူမြို့နယ်၊ ဆယ်ရွာကျေးရွာရှိ ကုလားပဲ စိုက်တောင်သူနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး  ဦးဇော်ထွန်းဦးနှင့် အဖွဲ့သည် (၂.၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာရှိ  ကုလားပဲစိုက် တောင်သူနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

         ကုလားပဲစိုက်တောင်သူနှင့် တွေ့ဆုံရာတွင်  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသာမက ပြည်တွင်းကုန်သွယ်မှု ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တောင်သူများထံမှ စိုက်ပျိုးသီးနှံများ၏ အမှန်တကယ် စိုက်ဧက၊ ကုန်ကျစရိတ်၊ ဝင်ငွေ၊ အကျိုးအမြတ်နှင့် ဓာတ်မြေဩဇာ/ ပိုးသတ်ဆေးဈေးနှုန်းတို့ကိုလည်း ကွင်းဆင်းကောက်ယူပြီး  အထက်ဌာနအဆင့်ဆင့်သို့ တင်ပြပေးနေခြင်းဖြစ်ကြောင်း ချပြရှင်းလင်းခဲ့ပါသည်။

       ကုလားပဲစိုက်ပျိုးထားရှိမှု အခြေအနေကို သိရှိရန်အတွက် ဒေသခံစိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကုလားပဲစိုက်တောင်သူ ဦးငှက်ရိုးမှ  ယခုအချိန်တွင် ကုလားပဲသီးနှံကိုစိုက်ပျိုး လျက်ရှိကြောင်း၊ ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးပြီး တန်ဆောင်မုန်း၊ နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တပေါင်း၊ တန်ခူးတွင် ရိတ်သိမ်းကြောင်း၊  မျိုးစေ့တစ်တင်းလျှင် ကျပ်(၈၀၀၀၀/ ၉၀၀၀၀) ဝယ်ရကြောင်း၊ (၁)ဧကလျှင်(၂)တင်းကျဲပတ်ရကြောင်း၊ကုလားပဲအဖြူလုံးကြီးမျိုးကိုစိုက်ပျိုးကြောင်း၊ ရေသွင်း/ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးပြီးယခင်နှစ် စိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းပြီး ဖျက်ပိုးကင်း၍ တစ်ဧကလျှင် (၁၈) တင်းခန့် ထွက်ရှိ၍ ဒေသတွင်းသီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ဈေးဖြင့် ရောင်းချခဲ့ရ၍ တောင်သူများအကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် အလုပ်သမားခမှာ အမျိုးသားတစ်ဦးတစ်နေ့လျှင် ကျပ်(၁၀၀၀၀)ပေးရပြီး အမျိုးသမီးတစ်ဦး တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ ပိုးသတ်ဆေးဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ ဈေးနှုန်းကြီးမြင့်၍  တစ်ဧကလျှင်ကုန်ကျစရိတ်မှာ ကျပ်(၇)သိန်းခန့် ကုန်ကျကြောင်း၊  ယခင်နှစ်တွင် ကုလားပဲ ရာသီကုန်ဆုံးချိန်တွင် တစ်တင်းလျှင် ကျပ်(၉၀၀၀၀)ခန့်ဈေးနှုန်းဖြင့် ရောင်းချရသဖြင့် အကျိုး အမြတ်များရှိကြောင်း၊ ယခုနှစ်တွင် ကုလားပဲ ရာသီပေါ်ချိန်တွင် ဈေးကောင်းရနိုင်ရန် မျှော်လင့် မိပါကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ကုလားပဲ များကို မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များနှင့် ပွဲရုံ ပိုင်ရှင်များမှ ဝယ်ယူကြောင်း၊ ပိုးသတ်ဆေး/ ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်း အသင့်အတင့် ရနိုင်လျှင် တောင်သူများအတွက် သီးနှံများ စိုက်ပျိုးရသည်မှာ ပို၍အကျိုးအမြတ်များရှိပါကြောင်း တောင်သူမှပြောကြားခဲ့ပါသည်။

           ကုလားပဲသီးနှံသည် ပြည်တွင်းစားသုံးမှုများသည့်အပြင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ ခြင်းကြောင့် ဈေးကွက်ခိုင်မာမှုရှိ၍ ရောင်းလိုအား /ဝယ်လိုအား ကောင်းခြင်းကြောင့် ဆယ်ရွာကျေးရွာ ရှိ စိုက်ပျိုးတောင်သူများသည် ယခုနှစ်တွင် ကုလားပဲသီးနှံကို တိုးချဲ့စိုက်ပျိုးထားရှိကြောင်း ဒေသခံ တောင်သူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)