ဗီယက်နမ်နိုင်ငံအခြေစိုက် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သည့် Vinfast ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်ရန်အတွက် သဘောတူညီချက်လက်မှတ် ရေးထိုးပြီး ကမ္ဘာ့တတိယအကြီးဆုံးမော်တော်ယာဉ်ဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိခဲ့ပါသည်။
Vinfast နှင့် အိန္ဒိယနိုင်ငံ၊ တာမေးနာဒု ပြည်နယ်အစိုးရတို့သည် ဒေါ်လာ ၂ ဘီလီယံ ကျော်ထိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် သဘောတူညီမှုရရှိထားပြီး ပထမဆုံး ၅ နှစ်တာ ကာလ အတွက် နှစ်စဉ်ဒေါ်လာ ၅၀၀ မီလီယံပမာဏကို စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
လျှပ်စစ်ကားများနှင့်ဘက်ထရီများ ထုတ်လုပ်မည့် စက်ရုံကို ယခုနှစ်တွင် စတင် တည်ဆောက်သွားရန် မျှော်လင့်ထားပြီး ပြည်တွင်းဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၃၀၀၀ မှ ၃၅၀၀ ထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Vinfast သည် ၂၀၂၁ မှစတင်၍ လျှပ်စစ်ကားများ ထုတ်လုပ်ခဲ့ပြီး ပြည်ပနိုင်ငံများတွင်လည်း လျှပ်စစ်ကားများ ထုတ်လုပ်သွားရန် အစီအစဉ်ရှိကြောင်း ကြေညာ ခဲ့ပါသည်။
Vinfast မှ တာမီနာဒုစီမံကိန်းမှာ ဒေသ၏ ပထမတန်းစား လျှပ်စစ်ကား ထုတ်လုပ်ရာ ဗဟိုချက်ဖြစ်လာပြီး နှစ်စဉ်မော်တော်ယာဉ် ၁၅၀၀၀၀ ထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။ တာမီနာ ဒုပြည်နယ်အစိုးရသည် ထုတ်လုပ်မှုအတွက် ဝန်ဆောင်မှုများ၊ လျှပ်စစ်ပါဝါ ထောက်ပံ့မှုနှင့် အခြေခံ အဆောက်အအုံအတွက် ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ကား အမျိုးအစား ရောင်းချရမှုမှာ ကားအမျိုးအစားအားလုံး ရောင်းချရမှု၏ ၂% သာရှိပြီး နိုင်ငံတော်အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် ၃၀% ထိ ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။
Source – CGTN
DOCA(ရန်ကုန်)