ပါကစ္စတန်နိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် ချုပ်ဆိုထားသော လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ ရရှိသည့် ဆန်တန်ချိန် ၆ဝဝဝ သင်္ဘောတင်ပို့ခွင့် ကိုတာခွဲတမ်းကို အပြည့် အဝ အသုံးပြုနိုင်ခြင်းမရှိသဖြင့် နှစ်နိုင်ငံအကြား ဘာစမာတီဆန်တင်ပို့မှုနှင့် စပ်လျဉ်း၍ အငြင်းပွား လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါအငြင်းပွားမှုကိစ္စများအနက် ပါကစ္စတန်မှ သီရိလင်္ကာသို့ အိန္ဒိယဘာစမာတီဆန် မျိုးကွဲအမှတ် ၁၁၂၁ ကို အခွန်ကင်းလွတ်စွာဖြင့် တင်သွင်းခွင့်ကိစ္စလည်း ပါဝင်လျက်ရှိရာ ပါကစ္စတန်၏ ဆန်တင်ပို့သည့် စာရင်းတွင် ၎င်းဆန်မျိုးကွဲ ပါဝင်နေမှုအပေါ် အိန္ဒိယ အစိုးရအနေဖြင့် သီရိလင်္ကာဘက်သို့ မေးမြန်းသင့်ကြောင်း အိန္ဒိယကုန်သည် အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြသည်။
ပါကစ္စတန်အနေဖြင့် ရရှိသောခွဲတမ်းကို အပြည့်အဝအသုံးချနိုင်မှု မရှိရသည့် အဓိက အကြောင်းအရင်းမှာ သီရိလင်္ကာဘက်ခြမ်း၌ တင်သွင်းလာသည့် ဆန်သင်္ဘောများ၏ ဆိပ်ကမ်းရှင်းလင်းမှု ကြန့်ကြာနေခြင်းကြောင့်ပင် ဖြစ်သည်။ သီရိလင်္ကာအနေဖြင့်မူ ပါကစ္စတန်နိုင်ငံမှ ဆန်မျိုးကွဲများ ရောနှောတင်ပို့မှုရှိသည်ဟု သံသယဖြစ်လျက်ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ဆန်သွင်းကုန်အား စမ်းသပ်စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများ ကြောင့် ဆန်တင်ပို့မှုနှောင့်နှေးကြန့်ကြာနေမှုအပေါ် ပါကစ္စတန်အာဏာပိုင်များအနေဖြင့် ကျေနပ်မှုမရရှိကြကြောင်းနှင့် ၎င်းတို့တင်ပို့သော ဆန်ပို့ကုန်များအတွက် အဖွဲ့အစည်း ၃ ခုမှ ပင်ရင်းဒေသ သက်သေခံလက်မှတ်အပါအဝင် အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးထားသည်ဟု ခုခံပြောဆိုကြကြောင်းဖြင့် သီရိလင်္ကာနိုင်ငံရှိ Daily Mirror သတင်းဌာနက ရေးသားဖော်ပြပါသည်။ သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်းသို့ တင်သွင်းလာသည့် ဆန်များအတွက် ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်းများကို Batalagoda Rice Research and Development Centre က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လတ်တလောကာလများတွင် အကောက်ခွန်ရှင်းလင်းမှုမှာ သင့်လျော်သည့် ကြာမြင့်ချိန်ထက် ကျော်လွန်ပြီး နှောင့်နှေးကြန့်ကြာမှုရှိသည်ဟု ပါကစ္စတန်ဘက်မှ ရှုမြင်လျက်ရှိသည်။
ကုန်သည်အသိုင်းအဝိုင်း၏ ပြောဆိုချက်အရ နှစ်နိုင်ငံအကြား အငြင်းပွားသည့် ကိစ္စရပ် နှစ်ခုရှိကြောင်း၊ ပထမအချက်မှာ ဆန်များသင်္ဘောမတင်ပို့မီ စမ်းသပ်စစ်ဆေးမှုပြုသည့် လုပ်ငန်း စဉ် အသေးစိတ်အချက်အလက်များ တောင်းခံမှုအပေါ် ပါကစ္စတန်ဘက်မှ ဖြေကြားမှုမရှိသည့် အတွက် သီရိလင်္ကာအာဏာပိုင်များက ယုံကြည်မှုမရှိခြင်းဖြစ်ကြောင်း၊ ဒုတိယကိစ္စရပ်မှာ တင်ပို့ သည့်ဆန်များ၏ ဈေးနှုန်းသည် ကမ္ဘာ့ဈေးကွက်ပေါက်ဈေးထက် နိမ့်ကျနေသဖြင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပါဝင်မှုရှိသည့် ဆန်မျိုးကွဲများ ရောနှောတင်ပို့မှုရှိနိုင်ခြေကို သံသယဖြစ် ပေါ်ခြင်းတို့ ဖြစ်ကြောင်း လက်ရှိကာလတွင် ပါကစ္စတန်ဆန်တင်ပို့သူများအသင်းက အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းအဖြစ် ဆန် ၁ တန်လျှင် ၁၁၀၂ ဒေါ်လာ သတ်မှတ်ထားသော်လည်း သီရိလင်္ကာသို့ တင်ပို့သည့် အချို့သောဆန်များ၏ ဈေးနှုန်းမှာ ၁ တန်လျှင် ဒေါ်လာ ၉၅ဝ အောက်သာရှိကြောင်း သိရှိရသည်။
သီရိလင်္ကာနှင့် ပါကစ္စတန်တို့၏ လွတ်လပ်စွာကုန်သွယ်မှုစာရင်းတွင် ဘာစမာတီ ၁၁၂၁ ဆန်အမျိုးအစား ပါဝင်လျက်ရှိခြင်းကို အိန္ဒိယနိုင်ငံ အနေဖြင့် ကန့်ကွက်ရန်ရှိမည်ဖြစ်ကြောင်း၊ ပါကစ္စတန်မှ Kainat 1121 ဟု ခေါ်ဆိုလျက်ရှိသည့် ဘာစမာတီဆန် ၁၁၂၁ သည် အိန္ဒိယ၏ Pusa 1121 ဆန်မျိုးကွဲသာဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် သီရိလင်္ကာ အပါအဝင် ဥရောပသမဂ္ဂနှင့် ပင်လယ်ကွေ့နိုင်ငံများသို့ Pusa 1121 ဆန်များတင်ပို့ပြီး ဝင်ငွေရရှိသင့်ကြောင်း ဖြင့် အိန္ဒိယကုန်သည်များက ပြောဆိုခဲ့ကြသည်။
Source: The Hindu Business Line, 8 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)