၂၀၂၄ ခုနှစ်၌ ဈေးနှုန်းနှင့် မူဝါဒရေးရာ စိန်ခေါ်မှုများကို အိန္ဒိယဆန်တင်ပို့သူများ ကြုံတွေ့ရနိုင်

Powered by Drupal

   အိန္ဒိယနိုင်ငံမှဆန်တင်ပို့သူများသည် ၂ဝ၂၄ ခုနှစ်တွင် မူဝါဒမသေချာမရေရာဖြစ်မှုများနှင့် ပြည်တွင်းဈေးများ မြင့်တက်နေမှုတို့ကြောင့် နိုင်ငံ၏ဆန်တင်ပို့မှုအပေါ် အဟန့်အတားဖြစ်မည် ကို စိုးရိမ်နေကြပါသည်။ S&P Global Commodity Insights ၏အဆိုအရ အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခြင်းနှင့် ပေါင်းဆန်တင်ပို့မှု အပေါ် အခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံခြင်းစသည့် မူဝါဒဝင်ရောက်စွက်ဖက်မှုတို့ကြောင့် ဈေးကွက်အပေါ် အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

   ကမ္ဘာ့ဈေးကွက်ဂယက်ရိုက်မှုနှင့် နှစ်ပေါင်းများစွာ ဆန်ဈေးနှုန်းမြင့်တက်နေမှုတို့ ဖြစ်ပေါ် နေသော်လည်း ကန့်သတ်မှုများသည် ၂ဝ၂၄ ခုနှစ် ပထမနှစ်ဝက်အထိ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရက ဆန်တင်ပို့မှုကို ထိန်းချုပ်ရန် ဆုံးဖြတ်ချက်ကို အလျင်အမြန်ချမှတ်ခဲ့ခြင်းသည် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပြည်တွင်းတွင် ဆန်အလုံအလောက်ရောင်းချလိုခြင်းတို့ကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အထွေ ထွေရွေးကောက်ပွဲကျင်းပမည့်ကာလဖြစ်သည့် ၂ဝ၂၄ ခုနှစ် ဧပြီလမှ မေလမတိုင်မီ ကန့်သတ်ချက် များကို ဖြေလျှော့ဆောင်ရွက်မည်မဟုတ်ကြောင်း ဆန်လုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်း ပြော ကြားခဲ့ကြပါသည်။

   အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုခြောက်သွေ့မှုနှင့်အတူ ၂ဝ၂၃-၂၄ ရာသီကာလတွင် ဆန်ထုတ်လုပ်မှုကျဆင်းခဲ့မှုကြောင့် ဆန်ရောင်းချမှုအခြေအနေမှာ ရှုပ်ထွေးမှု များဖြစ်ပေါ်လျက် ရှိကြောင်းနှင့် အမေရိကန်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ အောက်တိုဘာ-စက်တင်ဘာကာလတွင် ဆန်တန်ချိန် ၁၂၈ သန်းဖြစ်ပြီး ယခင်နှစ်တွင် ဆန် ၁၃၅.၅ သန်း ထုတ်လုပ်နိုင်ခဲ့သဖြင့် ဆန်ထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   အိန္ဒိယနိုင်ငံတွင် ဆန်ကုန်သွယ်မှုထိန်းချုပ်ထားသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေခြင်းကြောင့် အစိုးရအနေဖြင့် လက်လီရောင်းချသူများအား သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ သို့ရာတွင် အချို့သော ပြည်နယ်အစိုးရများနှင့် တောင်ပိုင်းပြည်နယ်များ၏ ဝယ်လိုအားများပြားနေခြင်းတို့ကြောင့် ဆန်ဝယ်ယူဈေးများမြင့်တက်နေသဖြင့် နောင်လာမည့် မိုး စပါးရိတ်သိမ်းမည့်ရာသီ  ကာလအထိ ဆန်ဈေးနှုန်းများ ဆက်လက်မြင့်မားနေမည်ဟု ဆန်စက် လုပ်ငန်းရှင်များနှင့် တင်ပို့သူများက ခန့်မှန်းကြကြောင်း သိရှိရပါသည်။

   အိန္ဒိယဆန်ကို အဓိကစားသုံးသည့် အာဖရိကအနောက်ပိုင်းဒေသသည် ဆန်ဈေးနှုန်း မငြိမ်မသက်ဖြစ်နေမှုကြောင့် ဝယ်လိုအားလျော့နည်းခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ်အတွင်း အာဖရိက အနောက်ပိုင်းမှ ဆန်ဝယ်သူများသည် ဆန်ပမာဏအမြောက်အများကို တင်သွင်းခဲ့သော်လည်း လက်ရှိကာလတွင် ကန့်သတ်မှုများဖြစ်ပေါ်လာသဖြင့် ဆန်ဝယ်ယူမှုများ နှေးကွေးလာခဲ့ကာ ဆန် ဈေးနှုန်းများမှာလည်း မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ အာဖရိကအနောက်ပိုင်းဒေသသို့ ဘာစမာတီမဟုတ်သော ပေါင်းဆန်တင်ပို့မှုမှာ ပိုမိုလျော့နည်းလာခဲ့ပါသည်။

    ဆန်တင်ပို့သူများက အရှေ့တောင်အာရှနှင့် အချို့သောပင်လယ်ကွေ့နိုင်ငံများတွင် ဝယ်လို အား တည်ငြိမ်နေပြီး အာဖရိကအနောက်ပိုင်းတွင် စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့် ထားကြပါသည်။  ထောက်ပံ့ပို့ဆောင်စရိတ်နှင့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများ ပိုမိုမြင့်မားလာမှုနှင့် အတူ ဘာစမာတီဆန် ဝယ်လိုအား တည်ငြိမ်နေသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ ပင်လယ်နီဒေသတွင် ဆန်သင်္ဘောတင်ပို့မှုများ ကမောက်ကမဖြစ်နေသော်လည်း ဘာစမာတီဆန် တင်ပို့မှုမှာမူ သိသာစွာအကျိုးသက်ရောက်မှု ဖြစ်ပေါ်မည်မဟုတ်ကြောင်း ဆန်တင်ပို့သူများက ခန့်မှန်းထားကြပါသည်။

   အိန္ဒိယနိုင်ငံ၌ ဆန်ကုန်လက်ကျန်မှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တန်ချိန် ၅၆ သန်းရှိပြီး နှစ်အလိုက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း၊ ကန့်သတ်မှုများမှာ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ဆန်လက်ကျန်မှာ အိန္ဒိယအစိုးရ၏ ကုန်လက်ကျန် စံသတ်မှတ်ချက်ထက် ပိုမိုနေကြောင်းနှင့် ပို့ကုန်ထိန်းချုပ်မှုများကို ဖြေလျှော့ဆောင်ရွက်မည့် အလားအလာများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ယခုရာသီကာလတွင် ဆန်ဝယ်ယူရန် နှောင့်နှေးမှုများစတင် ဖြစ်ပေါ်နေသဖြင့် ဆန်တင်ပို့မှုအတွက် ကုန်လက်ကျန်ဆန် ရရှိမည့်အခွင့်အလမ်းကို တိုးတက်စေနိုင်ကြောင်း အိန္ဒိယဆန်တင်ပို့သူများက ထင်မြင်ယူဆလျက်ရှိကြပါသည်။

Source: The Hindu Business Line, 8 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)