ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အယ်လ်နီညိုကြောင့် ၂၀၂၄ ခုနှစ်၌ ဆန်ပိုမိုတင်သွင်းရနိုင်

Powered by Drupal

      အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သဖြင့် ယခုနှစ်တွင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု မြင့်တက်လာနိုင်ကြောင်း Rizal Commercial Banking Corp. မှ စီးပွားရေးပညာရှင် Michael Ricafort က ပြောကြားခဲ့ပါသည်။

   ကမ္ဘာ့ဆန်နှင့် အာရှဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းကြောင့် ဆန်တင်သွင်းမှု ပိုမိုဈေးကြီးလာနိုင်ကြောင်း၊ အထူးသဖြင့် အထွက်နည်းသော ရာသီအတွင်း တင်သွင်းမှုများနှင့် အချိန်ကိုက်ချိန်ညှိရန် လိုအပ်ကြောင်း၊  ဆန်နှင့် လယ်ယာထွက်ကုန်များ၏ ထုတ်လုပ်မှုစွမ်းအားကို ပိုမိုမြှင့်တင်ရန်အတွက် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ဖြေရှင်းမှုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင်  စက်မှုလယ်ယာစနစ်ကို တိုးမြှင့်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျော့နည်းအောင် လုပ်ကိုင်ရမည်ဖြစ်ကြောင်းဖြင့် Ricafort က ဆက်လက်ပြောကြားခဲ့သည်။

   ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနရှိ စိုက်ခင်းလုပ်ငန်းဗျူရို (BPI) ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် မကုန်မီတွင် ဆန်တင်သွင်းမှုသည် နှစ်အလိုက်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး နှစ်ကုန်ဆုံးချိန်၌ ၁ နှစ်တာ တင်သွင်းမှု ပမာဏသည်လည်း လျော့နည်းသွားဖွယ်ရှိကြောင်း သိရသည်။ BPI ၏ မှတ်တမ်းများ အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆန်တင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် ၃.၄၈ သန်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် အလားတူကာလ၏ စံချိန်တင်အမြင့်ဆုံးတန်ချိန် ၃.၈၂ သန်း အောက် ၈.၉၆% ကျဆင်းခဲ့ပါသည်။

   ဖိလစ်ပိုင် စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa က ကမ္ဘာ့စပါးဈေးသည် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ခန့် မြင့်မားနေသေးကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ ဆန်ဈေးနှုန်းများသည် အလွန်မြင့်တက်နေသည့်အတွက် ၎င်းတို့အနေဖြင့် စျေးနှုန်း ပိုမိုသက်သာစွာ ရနိုင်မည့် အခြားအရင်းအမြစ်များကို မျှော်လင့်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

Source: Manila Times, 6 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)