တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၌ အထွက်တိုး စပ်မျိုးစပါး စမ်းသပ်အောင်မြင်မှုရရှိ

Powered by Drupal

   တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဆန်ယာ (Sanya) ဒေသ၌ စပ်မျိုးစပါးစီမံကိန်းအရ နှစ်စဉ်အထွက်နှုန်းသည် တစ်မူး (၀.၀၆၇ ဟက်တာ) လျှင် စပါးကီလိုဂရမ် ၂,၀၀၀ ကျော် ထွက်ရှိသည်ဟု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အကဲဖြတ်စစ်တမ်းအရ သိရှိရကြောင်းနှင့် တရုတ်နိုင်ငံ အပူပိုင်းဒေသများတွင် စပ်မျိုးစပါးများ စိုက်ပျိုးမှုကို စံချိန်သစ်တင် နိုင်ခဲ့ ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ၏ အစီရင်ခံဖော်ပြချက်အား China Daily သတင်းဌာနက ၄-၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    စီမံကိန်းအရ အထွက်နှုန်းအကဲဖြတ်မှုကာလ ပထမရာသီ၏ ပျမ်းမျှအထွက်နှုန်းမှာ တစ်မူးလျှင် စပါး ၈၄၃.၆ ကီလိုဂရမ်၊ ဒုတိယရာသီတွင် ၆၅၆.၂ ကီလိုဂရမ်နှင့် တတိယ ရာသီတွင် ၅၄၆.၇ ကီလိုဂရမ်အထိ ရောက်ရှိခဲ့ပြီး ရာသီသုံးရာသီ၏ စုစုပေါင်း ထွက်ရှိမှုပမာဏမှာ တစ်မူး လျှင် ၂၀၄၆.၅ ကီလိုဂရမ်ဖြစ်ပါသည်။

    တရုတ်နိုင်ငံ၊ ဆန်ယာဒေသ၌ စပါးကြီးထွားမှုကာလမှာ တိုတောင်းပြီး ၎င်း၏ ပျမ်းမျှ အထွက်နှုန်းမှာ မြင့်မားမှုမရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ သို့သော် ယင်းအပူပိုင်းဒေသမြို့တွင် သုံးရာသီ စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းရည်မြှင့်တင်ရန်နှင့် မျိုးကွဲများနှင့်နည်းပညာအသစ်များကို အကဲဖြတ် စစ်ဆေးရန်တို့အတွက် ဆန်ယာ စည်ပင်သာယာ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဗျူရိုမှ ဆန်ယာစပ်မျိုးစပါးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန်ယာရှိ တရုတ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ ယာကျိုး (Yazhou) အခြေစိုက်စခန်း၌ စမ်းသပ်သရုပ်ပြ စိုက်ဧရိယာ ၄၀ မူးခန့်တွင် မျိုးစေ့မွေးမြူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

   သရုပ်ပြစိုက်ကွင်းရှိ ဆန်သည် ကောင်းမွန်ပြည့်စုံသော လက္ခဏာများရှိရာ မျှတသော အပင်ကြီးထွားမှု၊ ခိုင်ခံ့သောပင်စည်၊ ခံနိုင်ရည်ကောင်းမွန်မှု၊  အရွက်ပုံသဏ္ဍာန် ကောင်းမွန်မှု၊ မျိုးစေ့နှုန်း မြင့်မားမှု၊ ထွားကျိုင်းသောအစေ့အဆန်များရှိကြောင်း ကျွမ်းကျင်ပညာရှင်များ၏ လေ့လာတွေ့ရှိ ချက်များနှင့် အကဲဖြတ်ချက်များအရ သိရသည်။

   သာလွန်ကောင်းမွန်သော အလင်းရောင်နှင့် အပူချိန်အခြေအနေများဖြင့် ယာကျိုးခရိုင် ဆန်ယာမြို့၌ စပါးကို တစ်နှစ်လျှင် သုံးရာသီစိုက်ပျိုးနိုင်ပြီး ပင်မအစေ့အဆန် အများအပြား စပါး စိုက်ပျိုးမှုထုတ်လုပ်မှု တိုးတက်စေရေး အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ခဲ့ရာ ဆန်အထွက်နှုန်း မြင့်မားစေပြီး တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကိုလည်း အထောက်အကူ ပြုလျက်ရှိသည်ဟု တရုတ်သိပ္ပံအကယ်ဒမီမှ ပညာရှင် Qian Qian က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: China Daily, 4 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)