ပျော်ဘွယ်မြို့နယ်တွင် ကြက်သွန်နီများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မန်ကျည်းခွ ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူများနှင့် ကြက်သွန်နီစိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ တောင်သူများအနေဖြင့် မန်ကျည်းခွကျေးရွာတွင် ကြက်သွန်နီဧက (၃၀) ကျော်စိုက်ပျိုးထားပြီး ဧက (၂၀) ခန့်စိုက်ပျိုးရန်ရှိနေသေးကြောင်း သိရှိရပါသည်။ တောင်သူများမှာ ကြက်သွန်နီကို နှစ်စဉ် ရာသီချိန်ရောက်တိုင်း ပုံမှန်စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ အောင်စည်၊ ရွှေဖလားမျိုးများကို အဓိကစိုက်ကြပြီး ဇော်မွှား (ဥသေး) များကိုလည်းအနည်းငယ်စိုက်ကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ မတ်လဆန်းတွင် စတင်တူးဖော်ရကြောင်း၊ စတင်စိုက်ပျိုးချိန်မှ တူဖော်ပြီးချိန်အထိ တစ်ဧကပျှမ်းမျှကုန်ကျစရိတ်မှာ (၂၅) သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၀၀၀/၂၅၀၀) ပိဿာခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိဈေးနှုန်းရရှိ၍ အကျိုးအမြတ်အားဖြင့် တစ်ဧကလျှင် (၁၅) သိန်းမှ သိန်း (၂၀) ခန့်အထိရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ခင်းများအောင်မြင်နေသည့်အတွက် အထွက်နှုန်းကောင်းရန်မှာ သေချာနေပြီး ဈေးနှုန်းကောင်းရန်သာ မျှော်လင့်မိကြောင်း တောင်သူများထံမှသိရှိရပါသည်။

       ဈေးကွက်အနေဖြင့် စိုက်ခင်းအရောက် လာရောက်ဝယ်ယူသော ပွဲစားများကိုလည်းကောင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)