ထိုင်းနိုင်ငံ၌ ဆန်တင်ပို့မှု မဟာဗျူဟာအသစ်ချမှတ် ဆောင်ရွက်မည်

Powered by Drupal

   ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်း ညှိနှိုင်းသဘောတူညီချက်ဖြင့် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း ရောင်းချနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် စီစဉ်လျက်ရှိပြီး တရုတ်နိုင်ငံသို့လည်း အလားတူဆန်ရောင်းချရေးအတွက် ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း သိရှိရပါသည်။

   အမျိုးသား ဆန်စပါးမူဝါဒကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးနောက် အင်ဒိုနီးရှားနိုင်ငံနှင့် အစိုးရချင်းညှိနှိုင်းမှု G2G သဘောတူညီချက်များမှတစ်ဆင့် ဆန်ကုန်သွယ်မှုတိုးချဲ့နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမည့်အဖွဲ့ကို ဦးဆောင်ရန် နိုင်ငံခြားကုန်သွယ်မှုဌာန၏ အကြီးအကဲအား တာဝန် ပေးအပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။

   အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သန်းကို G2G သဘောတူညီချက်များမှ တစ်ဆင့် ဆန်တန်ချိန် ၁ သန်းနှင့် ပုဂ္ဂလိက ညှိနှိုင်းမှုမှတစ်ဆင့် ဆန်တန်ချိန် ၁ သန်း ဝယ်ယူရန် ရည်ရွယ်ချက်ရှိကြောင်း ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယမန်နှစ်နှောင်းပိုင်းတွင် ပြောကြားခဲ့ပါသည်။

    အစိုးရချင်း ညှိနှိုင်းမှုဖြင့် ဆန်တင်ပို့ရောင်းချရာတွင် သမားရိုးကျ ပုံစံအဟောင်းအတိုင်းမဟုတ်ပဲ အစိုးရ၏ ဦးဆောင်မှုနောက်တွင် ပုဂ္ဂလိကကဏ္ဍမှ လိုက်ပါဖော်ဆောင်သည့် ပုံစံအသစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလားအလာရှိသော ဝယ်လက်များသို့ စျေးနှုန်းချိုသာစွာဖြင့် ဆန်တိုက်ရိုက်ရောင်းချခြင်းမျိုးကို အစိုးရက လုပ်ဆောင်မည် မဟုတ်ပဲ G2G သဘောတူညီချက်များကို ညှိနှိုင်းရရှိပါက ဆန်တင်ပို့နိုင်ရေး အာမခံပေးအပ်ခြင်းသာ ပြုမည်ဖြစ်ကြောင်း၊ အစိုးရ၏ ကဏ္ဍသည် ‌စေ့စပ်ညှိနှိုင်းပေးခြင်းဖြစ်ပြီး ပုဂ္ဂလိကအပိုင်းက ဆန်တင်ပို့မှုကို လုပ်ဆောင်ရန်ဖြစ် ကြောင်း Mr Phumtham က ပြောဆိုခဲ့သည်။

   အင်ဒိုနီးရှားနိုင်ငံနှင့် ညှိနှိုင်းမှုအပြင် တရုတ်အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Cofco Corporation မှတစ်ဆင့် ဆန်တန်ချိန် ၂၈၀၀၀၀ ကို G2G အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ဆန်တင်ပို့မှုကာလ ထပ်မံတိုးမြှင့်ပေးမည့်ရလဒ်ကို လာမည့်သီတင်းပတ်တွင် ရရှိ ရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ ဆော်ဒီအာရေးဗီးယား၊ အာဖရိကနှင့် အီရန်တို့အပါအဝင် အခြားဒေသများစွာနှင့်လည်း ညှိနှိုင်းရန် အစီအစဉ်ရှိကြောင်း Mr. Phumtham က ပြောကြားခဲ့သည်။ ဆက်စပ်သတင်းတစ်ရပ်အရ ထိုင်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အမေရိကန် ဆန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်မှ ၂၂ ရက်အထိ လော့စ်အိန်ဂျလိစ်တွင် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

   ထိုင်းအကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံသည် ဘတ်ငွေ ၁၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံ) တန်ဖိုးရှိ ဆန် တန်ချိန် ၇.၉၅ သန်းကို တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏအားဖြင့် ၁၄.၇% တိုးတက်ခဲ့ပြီး တန်ဖိုးအနေဖြင့်လည်း ၂၈.၉% တိုးတက်လာကြောင်း သိရပါသည်။

   စုစုပေါင်းဆန်တင်ပို့မှုတွင် ဆန်ဖြူတန်ချိန် ၄.၄၇ သန်းပါဝင်ပြီး ၃၁% တိုးတက်မှုရရှိ ကြောင်း၊  ပေါင်းဆန်အား တန်ချိန် ၁.၃၂ သန်းတင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူအောက် ၀.၉% ကျ ဆင်းခဲ့ကြောင်း၊ ထိုင်းဟိုမာလီဆန်မွှေးကို တန်ချိန် ၁.၄၄ သန်းတင်ပို့လျက် ၀.၆% တိုးတက်လာ ကြောင်း၊ ထိုင်းဆန်မွှေး ၄၇၄၈၀၆ တန် တင်ပို့မှုသည် ၉.၃% တိုးခဲ့ကြောင်းနှင့် ကောက်ညှင်းဆန်အား ၂၅% လျော့နည်းလျက် ၂၂၇၀၁၂ တန်သာ တင်ပို့နိုင်ကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံ၏ စျေးကွက်အရ ဆန်တင်ပို့မှုမှာ အင်ဒိုနီးရှား သို့ တန်ချိန် ၁.၇ သန်းဖြင့် အများဆုံးတင်ပို့ခဲ့ပြီး ၂၁၄၅% အထိမြင့်တက်ခဲ့ကြောင်း၊ အာဖရိကဒေသသို့ ဆန်တန် ၈၇၆၁၈၄ တန် တင်ပို့ပြီး ၂၆.၆% တိုးတက်ခဲ့ကြောင်း၊ အီရတ်သို့ ဆန်တန်ချိန် ၈၁၄၈၀၅ တန်တင်ပို့ခဲ့ရာ ၄၄.၂% တိုးတက်မှုရရှိကြောင်း၊ အမေရိကန်သို့ ဆန် ၆၄၈၉၄၆ တန် တင်ပို့မှုမှာ တိုးတက်မှု ၈.၉% ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ ၄၄% ကျဆင်းလျက် ဆန်တန်ချိန် ၃၆၇၂၀၄ တန်သာ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

  ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုပိတ်ပင်ခြင်းမှာ အဆုံးသတ်ဖွယ်ရာရှိသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်း ခန့်သာ တင်ပို့နိုင်မည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။ ၂၀၂၃ ခုနှစ် ၁ နှစ်လုံးအတွက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် မျှော်မှန်းထားသည့် တန်ချိန် ၈.၅ သန်းကို ကျော်လွန်လျက် စုစုပေါင်းတန်ချိန် ၈.၈ သန်းမှ ၈.၉ သန်းအထိ ရှိနိုင်ပြီး ဈေးနှုန်းများမြင့်တက်မှုအရ ဆန်တင်ပို့မှုမှ ဝင်ငွေသည်လည်း ဘတ်ငွေ ၁၈၀ ဘီလီယံခန့် ရရှိနိုင်ဖွယ်ရှိကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

Source: Bangkok Post, 17 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)