ရွှေတောင်မြို့နယ်၏ ကိုင်းခရမ်းချဉ်ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းကျေးရွာတွင် ခရမ်းချဉ်သီးများထွက်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းဈေးကွက်အခြေအနေကို သိရှိနိုင်ရန်အလို့ငှာ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    အဆိုပါ ကိုင်းခရမ်းချဉ်သီးစိုက်ကွင်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ရာတွင် မင်းတဲကျွန်းကျေးရွာရှိ ခရမ်းချဉ်သီးစိုက်တောင်သူ ဦးသန်းဝင်းနှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် စိုက်ပျိုးသောမျိုးမှာ (ချက်ပြား)သီးမျိုးဖြစ်ပြီး တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုး၍ ပြာသိုလတွင် စတင်ခူးဆွတ်ရပါသည်။ ခရမ်းချဉ်စိုက်ဧကမှာ (၂)ဧကစိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် ကျပ်(၅)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ခရမ်းချဉ်သီးများစတင်ထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် အချိန်(၁၀၀)ခန့်ခူးဆွတ်ရပြီး (၃)ရက်ခြားတစ်ခါခူးဆွတ်ရပါသည်။ ခူးဆွတ်မှုကြာချိန်မှာ (၁)လမှ (၂)လခွဲခန့်ကြာမြင့်ကြောင်းသိရပါသည်။ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ရွှေတောင်ရှိ ကုန်စိမ်းဒိုင်များက လာရောက်ဝယ်ယူကြပြီး တစ်ပိဿာလျှင် (၈၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချကြောင်းသိရပြီး ထိုမှတစ်ဆင့် နယ်ဘက်ရှိဈေးများနှင့် ပြည်မြို့၊ ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးများတွင်ရောင်းချသော ကိုင်းခရမ်းချဉ်သီးလက်လီဈေးများအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ကိုင်းခရမ်းချဉ်သီးစိုက်ပျိုးသော တောင်သူများအနေဖြင့် (၂)ဧကစိုက်ပျိုးလျှင် အရင်းအနှီး ကျပ်(၅)သိန်းကျော်သာကုန်ကျပြီး အမြတ်အစွန်း ကျပ်(၇)သိန်းခန့်ရရှိသဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)