ဇီးတောကျေးရွာ၌ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများသည် စပါး၊ ကုလားပဲ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မြေပဲ၊ ဝါ သီးနှံများအပြင် ချဉ်ပေါင်၊ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ သခွား၊ ပြောင်း၊ ငရုတ်၊ ရုံးပတီ စသောမီးဖို ချောင်သုံးသီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ဇီးတောကျေးရွာ၌ ကုလားပဲစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀၀)ဧကဝန်းကျင်ရှိ ကြောင်း သိရပါသည်။ စိုက်ပျိုးရာတွင် ကုလားပဲ(မြကြေး)မျိုးကိုအများဆုံးစိုက်ပျိုးကြပြီး တန်ဆောင်မုန်းလတွင်စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီး(၃)လခွဲအကြာတွင်ရိတ်သိမ်းရကြောင်း၊ မိမိအနေဖြင့် ကုလားပဲ(၃)ဧကစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၃)တင်းခန့်ကုန်ကျပြီး ထွန်တုံးဖြင့်ထွန်ကြောင်းဆွဲကာ မျိုးစေ့ချ၍စိုက်ပျိုးကြောင်း၊ မျိုးကိုယခင်နှစ်ကကုလားပဲစိုက်ခင်းမှ ထွက်ရှိသည့် ကုလားပဲကို မျိုးအဖြစ်ဖယ်ချန်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဆောင်းသီးနှံကုလားပဲမှာ နှင်းအစိုဓါတ်၊ မြေအစိုဓါတ်ဖြင့် စိုက်ပျိုးရသောသီးနှံဖြစ်ကြောင်း၊  စိုက်ပျိုးစဉ်တလျှောက် မည်သည့် ပိုးသတ်ဆေးမှအသုံးမပြုဘဲ သဘာဝမြေသြစာကိုသာအသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပြီး ယခုနှစ်တွင်မှု သွင်းအားစု စရိတ်မြင့်တက်လာမှုနှင့်အတူ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်မှာ ကျပ် (၄၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က ကုလားပဲစိုက်ခင်း(၁)ဧကလျှင် တင်း(၂၀)နီးပါးထွက်ရှိပြီး (၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၉၇၀၀၀)အထိရရှိကာ ကုလားပဲစိုက် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့်ကုလားပဲများကို အထက်မင်းလှမြို့ပွဲရုံများသို့တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မှု စိုက်ပျိုးပြီးစီး ရုံသာရှိသေး၍ အထွက်နှုန်းအနေဖြင့်မသိရှိရသေးပါကြောင်း ဇီးတောကျေးရွာတွင် နေထိုင်သည့် ကုလားပဲစိုက်တောင်သူ ဦးအောင်ဆန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)