ပြည်ထောင်စုနယ်မြေတွင် ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ ခရိုင်(၂)ခုရှိပါသည်။ ဥတ္တရခရိုင်တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ပါဝင်ပြီး ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ ပါဝင်ပါသည်။
၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ရာသီတွင် ဥတ္တရခရိုင်(၄)မြို့ နယ်တွင် (၈၂၉၀)ဧက၊ ဒက္ခိဏ ခရိုင်(၄)မြို့နယ်တွင် (၁၈၀၉၀)ဧက စိုက်ပျိုးရန်လျာထားသတ်မှတ်ထားပြီး ပြည်ထောင်စုနယ်မြေအတွင်း နွေစပါးစိုက်ဧက စုစုပေါင်း (၂၆၃၈၀)ဧက စိုက်ပျိုးရန်လျားထားသတ်မှတ်ထားပြီး ဆည်ရေပေးဝေနိုင်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေစပါး စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ စတင်၍ ငလိုက်ဆည်ရေသောက်ဧရိယာ ရေပေးဝေနိုင်မှုရှိပြီး ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စိုက်ပျိုးရန်အတွက် တောင်သူများအနေဖြင့် မြေယာပြင်ဆင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နွေစပါးစိုက်တောင်သူများသည် အထွက်နှုန်းကောင်းပြီး တောင်သူတွက်ခြေကိုက်မည့် စပါးမျိုးဖြစ်သည့် သက်တမ်းရက် (၁၀၅/၁၁၀)သာရှိ၍ သွင်းအားစု သင့်တင့်မျှတရုံသာသုံးပြီး ရေ/မိုး အဆင်ပြေလျှင် တစ်ဧက စပါးတင်း(၁၂၀)မှ (၁၅၀)အထိ ထွက်ရှိသည့် ထိုင်းနှံကောက်စပါးမျိုးကို ယခုအခါ ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ် နွေစပါးစိုက်ပျိုး ရာသီတွင် မနောသုခ၊ ပုလဲသွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်း၊ ထိုင်းကောက်၊ နယူးဧရာ စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း သက်တမ်းရက်(၁၂၀)နှင့်အထက် ကျော်လွန်ခြင်း၊ သွင်းအားစု ပိုမို အသုံးပြုရခြင်း၊ ရာသီဥတုနှင့် အပူဒဏ်၊ ရေငတ်ဒဏ် ခံနိုင်မှုအားနည်းခြင်းကြောင့် ပိုးမွှားရောဂါ ကျရောက်တတ်သဖြင့် ပုံမှန်အထွက်နှုန်းတစ်ဧက (၇၀)မှ (၉၀)တင်းအထိ ထွက်ရှိသော်လည်း ၎င်းအောက် အထွက်နှုန်း လျော့နည်းနိုင်သဖြင့် ယခုအခါတွင် တောင်သူတွက်ခြေကိုက်သည့် စူပါနှံကောက်စပါးမျိုးများ အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ နွေစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူဦးစောမောင်(၄)ဧက၊ ပြူတွင်းကျေးရွာ ဦးဘိုနီ (၃)ဧကနှင့် သရက်ကုန်းကျေးရွာ တောင်သူဦးကုလား (၈)ဧက စိုက်ပျိုးထားရှိသည့် နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ယခုနှစ်နွေစပါးရာသီမှာ စူပါနှံကောက် (သို့)ထိုင်းနှံကောက် စပါးမျိုးကို စိုက်ပျိုးထားကြောင်း၊ စပါးမျိုးများအား ရေဆင်းစိုက်ပျိုးရေးဌာနမှ ဝယ်ယူရရှိပြီး မျိုးတစ်တင်းလျှင် (၁၀၀၀၀)ကျပ်နှင့် တစ်ဧက(၂)တင်းနှုန်း ကြဲသားပက်စိုက်ပျိုးထားခြင်း၊ ကြဲပက်ပြီး(၅)ရက်မှ (၁၅) ရက်အတွင်း ပေါင်းသတ်ဆေးဖြန်းခြင်း၊ (၄၅)ရက်သားအရွယ်မှစတင် မြေသြဇာပက်ဖြန်းခြင်း၊ ပိုးမွှားကာကွယ်ဆေးပက်ဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနှံကောက်(သို့)စူပါနှံကောက်ဆန်ကို ပြည်တွင်းစားသုံးမှုတွင်သာမက တရုတ်ဈေးကွက် အဝယ်လိုက်ခြင်းတို့ကြောင့် ရွေးချယ်စိုက်ပျိုးရကြောင်း၊ အခြားစပါးမျိုးများဖြစ်သည့် မနောသုခ၊ ပုလဲ သွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်းများ စိုက်ပျိုးရာတွင် အထွက်နှုန်းတင်း(၈၀/၉၀)ဝန်ကျင်တွင်သာရှိပြီး သွင်းအားစု ပိုမိုသုံးစွဲရခြင်းတို့ကြောင့် အထွက်ကောင်းသည့် ထိုင်းနှံကောက်(သို့)စူပါနှံကောက်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးထားကြောင်း ၎င်းတို့မှ ပြောကြားခဲ့ပါသည်။
တောင်သူလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုကြောင့် ကျေးလက်တောရွာနေသူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုများပြားလာစေခြင်း၊ ပြည်တွင်းစားသုံးမှုပိုလျှံ သည့်အပြင် ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ခြင်းကြောင့် ပြည်ပဝင်ငွေတိုးပွားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်၍ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းလာစေရန်အတွက် အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရှာဖွေဖော်ထုတ်၍ စိုက်ပျိုးသင့်ပါကြောင်းကို “ တောင်သူ အကြိုက် စူပါ နှံကောက်စိုက်” ဟု ခေါင်းစဉ်စာသားဖြင့် အကြံပြုတင်ပြအပ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပြည်ထောင်စုနယ်မြေ