အိန္ဒိယပဲစင်းငုံဈေးကွက်တွင် မြန်မာနိုင်ငံထံမှ တင်သွင်းရရှိမှု မြင့်မားလာနိုင်ခြေရှိသော် လည်း မိုဇမ်ဘစ်နိုင်ငံ၌ ကုမ္ပဏီကြီး ၂ ခု၏ အားပြိုင်မှုကြောင့် အိန္ဒိယသို့ ပဲစင်းငုံတင်ပို့နိုင်ခြင်း မရှိ သည့် အခြေအနေအရ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း သိရှိရသည်။
မိုဇမ်ဘစ်နိုင်ငံသည် အာဖရိကဒေသတွင် ပဲစင်းငုံအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပြီး ၎င်းဒေသတွင်းမှ အိန္ဒိယသို့ တင်ပို့သည့် ပဲစင်းငုံပမာဏ၏ ၄၀% ခန့်ကို ပေးသွင်းလျက်ရှိ ကြောင်း၊ မကြာသေးမီ လများအတွင်း၌ မိုဇမ်ဘစ်နိုင်ငံတွင် Export Trading Group (ETG) နှင့် Royal Group Limitada ကုမ္ပဏီအုပ်စု ၂ ခုတို့အကြား အငြင်းပွားမှုဖြစ်ပေါ်ခဲ့ခြင်းက အိန္ဒိယသို့ ပဲစင်းငုံ တင်ပို့မှုကို အလျဉ်ပြတ်တောက်မှု ဖြစ်စေခဲ့ကြောင်း၊ ETG က ပိုင်ဆိုင်သော သိမ်းဆည်းခံ ထားရသည့် ပဲစင်းငုံများအား အိန္ဒိယနိုင်ငံသို့တင်ပို့ခြင်းကို လုပ်ဆောင်နိုင်ခွင့်မရှိဟု မိုဇမ်ဘစ်နိုင်ငံ ရှိ တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ကြောင်း၊ ထိုသို့သော အခြေအနေသည် အိန္ဒိယဈေးကွက်၌ ပဲစင်းငုံဈေးနှုန်းများကြီးမြင့်မှုကို မီးလောင်ရာလေပင့် ဖြစ် စေသည်ဟု အိန္ဒိယကုန်သည်များက ပြောဆိုလျက်ရှိကြောင်းဖြင့် Hindu Business Line သတင်း ဌာနက ဖော်ပြပါသည်။
အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က မိုဇမ်ဘစ်နိုင်ငံဘက်မှ ကုန်စည်ပေးသွင်းမှု ပြတ်တောက်ခြင်းကြောင့် အိန္ဒိယပြည်တွင်းဈေးကွက်၌ ပဲစင်းငုံဈေးနှုန်းများသည် လွန်ခဲ့သော ရက်သတ္တ ၂ ပတ်အတွင်း ၁ ကီလိုဂရမ်ပေါ်တွင် ၅ ရူပီးမှ ၇ ရူပီးခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ပဲစင်းငုံများ ဈေးကွက်ဝင် ရောက်မှုရှိပြီး မြန်မာနိုင်ငံထံမှ အနည်းငယ်မျှသော ပမာဏခန့်ကို စတင်ဝယ်ယူ တင်သွင်းမှုများရှိ လာသော်လည်း ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ပဲစင်းငုံစိုက်ပျိုးမှုမှာ ရာသီ ဥတု ပုံပျက်ယွင်းမှုကြောင့် ထိခိုက်မှုရှိခဲ့ပြီး ဈေးကွက်အတွင်း တန်ချိန် ၁၅ သိန်းခန့် လိုအပ်ချက် ဖြစ်ပေါ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ပဲစင်းငုံများ ရိတ်သိမ်းဆဲဖြစ်ပြီး တန်ချိန် ၄ သိန်းခန့်အထိ ဝယ်ယူရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း၊ သီးနှံအထွက်လျော့ကျမှုနှင့် သွင်းကုန်တင်သွင်းနိုင်မည့် အခြေအနေများအရ ပဲစင်းငုံဈေးနှုန်းများသည် ကျဆင်းမည့် အရိပ်အယောင်မရှိပဲ အတက်ဘက်သို့ ဦးတည်နေသည်ဟု ခန့်မှန်းရကြောင်း၊ ဈေးနှုန်းကြီးမြင့်မှုကြောင့် စားသုံးသူများအနေဖြင့် ပဲနီလေး ကဲ့သို့သော အခြားပဲများကို ပြောင်းလဲသုံးစွဲလာနိုင်ဖွယ်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်တွင် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်က ထွက်ရှိခဲ့သော တန်ချိန် ၃၃.၁၂ သိန်းထက် ကျော်လွန်၍ ယခုနှစ်၌ တန်ချိန် ၃၄.၂၁ သိန်း ထွက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယ၏ ၁ နှစ်တာ ပဲစင်းငုံစားသုံးရန် လိုအပ်ချက်မှာ တန်ချိန် ၄၅ သိန်းခန့်ရှိသည်။ ပြည်ပမှတင်သွင်းမှု တိုးတက်လာခြင်းနှင့်အတူ ယခုနှစ် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုမှ ပဲနီလေးတန်ချိန် ၁.၆ သန်း အထိ စံချိန်တင်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းချက် များအရ အိန္ဒိယဈေးကွက်၌ ယခုနှစ် ပဲနီလေးရောင်းလိုအားအပိုင်းမှာ မြင့်မားနိုင်ခြေရှိသည်။
မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံတင်သွင်းမှုမှာ တဖြည်းဖြည်း ကျဆင်းခဲ့ပြီး ကြန့်ကြာမှုများရှိ လာမည်ဖြစ်ကြောင်း၊ သို့သော် ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အချက်များ အရ ဈေးနှုန်းများအပေါ် သိသာထင်ရှားသည့် သက်ရောက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံထံမှ ပဲစင်းငုံ များတင်သွင်းမှု စတင်ခဲ့ပြီးဖြစ်သကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုမှလည်း ဈေးကွက်သို့ ဝင်ရောက်နေ ပြီဖြစ်ကြောင်း၊ သို့ရာတွင် ပဲစင်းငုံ ဈေးနှုန်းများသည် အမြင့်တန်း၌ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၃.၅ သိန်းခန့်ကို ဝယ်ယူတင်သွင်း နိုင်ဖွယ်ရှိကြောင်းဖြင့် IGrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ပြောဆိုခဲ့သည်။
Source: The Hindu Business Line, 24 Jan 2024