အရောင်းသွက်လာတဲ့ ပန်းဂေါ်ဖီ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူ ဦးကြည်နိုင်၏ လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

     ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီစာအဖြစ် စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းမှစပြီး ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ စိုက်ပျိုးမှုမှာ မျိုးစေ့ကို ပျိုးထောင်ပြီး တစ်ဧကလျှင် အပင်ရေ (၁၂၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးကာလမှာ ရက်ပေါင်း (၉၀) ကျော်အကြာတွင် အပွင့်များကို ခူးဆွတ်၍ ရနိုင်ပါသည်။

      ပန်းဂေါ်ဖီပွင့်များ ရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက် ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ပန်းဂေါ်ဖီ ပေါ်ဦး ပေါ်ဖျားတွင်ဈေးကောင်းရရှိခဲ့သလို ယခုအချိန်တွင် အပွင့်ကြီးတစ်ပွင့်လျှင်(၇၀၀-၆၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၅၀၀-၄၀၀)ကျပ်နှင့် အပွင့်သေးတစ်ပွင့်လျှင် (၃၀၀-၂၀၀)ကျပ် အထိ ဈေး ရရှိကြောင်း သိရပါသည်။

         ပန်းဂေါ်ဖီများ လှိုင်လှိုင်ပေါ်ထွက်ချိန်ဖြစ်သော ဒီဇင်ဘာလမှ ဇန်နဝါရီလတို့တွင်  ဈေးပေါပေါဖြင့် ရောင်းချသဖြင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးကြလို့ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)