ဈေးကောင်းရနေတဲ့ ပြည်ပဲစင်းငုံသစ်ဈေးကွက်နှင့် နှစ်အလိုက်ဈေးနှုန်းအခြေအနေ

Powered by Drupal

          ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဆောင်းပဲသစ်မျိုးစုံအဝင်များလာပြီဖြစ်ပါသည်။ အဆိုပါ ပဲသစ်များထဲတွင် ပဲစင်းငုံသစ် သီးနှံသည်လည်း နှစ်ဆန်းပိုင်းမှစ၍ ပဲသစ်တဖြည်းဖြည်း ဝင်ရောက် လာပြီး ယခုတစ်ပတ်မှာတော့ ပဲအထွက်လှိုင်နေပြီဖြစ်လို့ ပဲဝင်ရောက်မှုလည်း တစ်ရက်အိတ် ၅၀၀/၆၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံအား ဝယ်လိုအားအနေဖြင့် လှောင်သမားများနှင့် ရန်ကုန်ဝယ်လက်သမားများ ဝယ်ယူလျက်ရှိတာကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် ၁၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်အတွက် ယခုနှစ်ပဲဈေးကွက်မှာ ဈေးကောင်းဝင် သီးနှံထဲပါဝင်နေတဲ့ ပဲသီးနှံတစ်မျိုး ဖြစ်ခဲ့ကာ နှစ်အလိုက်ဈေးနှုန်းများအရလည်း ရှေ့ကနှစ်များထက် ယခုနှစ်ဈေးနှုန်း ပိုရလျက်ရှိသည်ကို အောက်ပါအတိုင်းလေ့လာတွေ့ရှိရပါသည်-

စဉ်               ခုနှစ်             ကာလ                    ဈေးနှုန်း

၁။                ၂၀၂၀            ဇန်နဝါရီလ              ၂၂၂၀၀(ကျပ်)

၂။                ၂၀၂၁            ဇန်နဝါရီလ              ၂၆၀၀၀(ကျပ်)

၃။                ၂၀၂၂            ဇန်နဝါရီလ              ၄၂၀၀၀(ကျပ်)

၄။                ၂၀၂၃            ဇန်နဝါရီလ              ၅၇၅၀၀(ကျပ်)

၅။                ၂၀၂၄            ဇန်နဝါရီလ              ၁၁၅၀၀၀(ကျပ်)

          ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းတွင် ပဲစင်းငုံသီးနှံသည် ပိဿာ(၂၀)တစ်တင်း ၂၂၂၀၀ ကျပ်ဖြင့် အခြား ပဲများသည် ကျပ်(၃)သောင်းအထက်ဈေးကောင်းခဲ့သော်လည်း ပဲစင်းငုံသီးနှံသည် ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ နှစ်စမှာတော့ ယခင်နှစ်ကထက် ဈေးအနည်း ငယ်ပိုလာ သော်လည်း ပြည်ပဈေးကွက်ဝင်မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများထက် ဈေးပိုလာခြင်းမရှိဘဲ အဆိုပါ ပဲများထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းပဲသစ်ဈေးမှာ ဈေး မြင့်တက်လာပြီး ပဲတစ်တင်း ၄၂၀၀၀ကျပ်ဖြင့် ရရှိလာသည့်အတွက် ပဲဈေးကွက်မှာ မတ်ပဲသီးနှံ နည်းတူ ဈေးမြင့်တက်လာပြီး ပဲတီစိမ်းသီးနှံထက်ပင် ဈေးပိုသွားခဲ့ကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၂၃ ခုနှစ်မှာတော့ ပြည်ပဝယ်လက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ စသည့်သီးနှံများလည်း ဈေးမြင့်တက်လာသလို ပဲစင်းငုံသီးနှံကလည်း ဈေးပြိုင်မြင့်တက်လာခဲ့တာကြောင့် ပိဿာ ၂၀ တစ်တင်း ၅၇၅၀၀ကျပ်မှ ၅၈၀၀၀ကျပ်အထိ ရရှိခဲ့လို့ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးပိုရရှိ လာခဲ့ပါသည်။ ယခု ၂၀၂၄ခုနှစ် ၊ နှစ်ဆန်းပိုင်းတွင် ပဲသီးနှံအားလုံးလိုလို ဈေးကောင်း ရရှိလာခဲ့ပြီး ပဲစင်းငုံသီးနှံဟာဆိုလျှင် ပဲသစ်ဝင်လာချိန် တစ်တင်းကျပ် (၁)သိန်းကျော်အထိ မြင့်တက်လာခဲ့ကာ ပဲဈေးကွက်မှာ မတ်ပဲသီးနှံထက်ဈေးပိုရခဲ့ပါသည်။ ဝယ်လိုအားအနေဖြင့်လည်း ဝင်လာသမျှ အဝယ်ရှိခဲ့လို့ နေ့စဉ်အရောင်းအဝယ်သွက်နေခဲ့သလို ဈေးနှုန်းလည်း အခြားပဲများ ထက်ပိုရလျှက် ရှိကာ ဆောင်းပဲသစ်ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေခဲ့သည့် ပဲသီးနှံဖြစ်ပါသည်။ (၅)နှစ်တာကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ ပဲစင်းငုံသီးနှံသည် ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်များတွင် ပဲဈေးကွက်မှာ ဈေးအေးနေခဲ့သည့် သီးနှံဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လမှစ၍ ပဲဈေးနှုန်း တစ်နှစ် ထက် တစ်နှစ်မြင့်တက်လာခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ အမြင့်ဆုံးဈေးဖြင့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများထက်ပင် ဈေးပိုရလာသလို နှစ်အလိုက်ပဲဈေးနှုန်းဈေးကွက်မှာလည်း ဈေးအမြင့်ဆုံးရခဲ့သည့် ပဲသီးနှံဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)