တောင်ကိုရီးယားနိုင်ငံ၏ ဆန်အခြေခံထုတ်ကုန်များ တင်ပို့မှုသည် ကမ္ဘာ့စားနပ်ရိက္ခာ ဝယ်လိုအားတက်လာချိန် ၂၀၂၃ ခုနှစ်၌ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ၂၉-၁-၂၀၂၄ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရဌာနဆိုင်ရာနှင့် ဆန်ထုတ်ကုန်လုပ်ငန်းနယ်ပယ် သတင်းအရင်းအမြစ် များအရ သိရှိရသည်။ ပြည်ပသို့တင်ပို့သော ဆန်အခြေခံထုတ်ကုန်များတွင် အသင့်စားထမင်းဘူး၊ အေးခဲထားသော ရေညှိထမင်းလိပ်နှင့် တော့ပိုကီများပါဝင်ပြီး တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၇.၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း ကိုရီးယားစိုက်ပျိုးမွေးမြူရေးနှင့် အစားအစာကုန်သွယ်မှု ကော်ပိုရေးရှင်း၏ ဖော်ပြထားချက်အရ သိရှိရသည်။
နောက်ဆုံးရရှိထားသော ကုန်သွယ်မှုကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် တွက်ချက်ခဲ့သော အမေရိကန်ဒေါ်လာ ၁၈၁.၈ သန်းထက် ၁၉.၅ ရာခိုင်နှုန်းတိုးလာကာ ပထမဆုံးအကြိမ်အနေဖြင့် ဒေါ်လာသန်း ၂၀၀ စံသတ်မှတ်ချက်အား ကျော်လွန်ခဲ့ပါသည်။ နှစ်စဉ်ပြည်ပသို့ ဆန်အခြေခံ ထုတ်ကုန်များ တိုးတက်တင်ပို့မှုလမ်းကြောင်းသည် ၂ဝ၁၅ ခုနှစ်မှစတင်ကာ မပြောင်းလဲပဲ တစ်သမတ်တည်း ရှိနေခဲ့ပြီး ကုန်သွယ်မှုကိန်းဂဏန်းများအရ ၂၀၁၅ ခုနှစ်၌ ဒေါ်လာ ၅၄.၃ သန်းမှ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၈၉.၄ သန်းအထိ မြင့်တက်လာခဲ့သည်။
အထူးသဖြင့် ၂၀၁၉ ခုနှစ်တွင် ဆန်အခြေခံထုတ်ကုန်များ တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၁၈၅.၉ သန်းသို့ နှစ်ဆတိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာသန်း ၁၀၀ စံသတ်မှတ် ချက်အား ကျော်လွန်ခဲ့ပါသည်။
နိုင်ငံအလိုက် ဆန်အခြေခံထုတ်ကုန်များ တင်ပို့မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁၄.၈ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်း ပြည်ပတင်ပို့မှု၏ ၅၂.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၎င်း၏နောက်၌ ဗီယက်နမ်သို့ ဒေါ်လာ ၁၅ သန်း၊ ဥရောပသမဂ္ဂနှင့် ဗြိတိန် သို့ ဒေါ်လာ ၁၄.၉သန်း၊ ဂျပန်နိုင်ငံသို့ ဒေါ်လာ ၁၂.၆ သန်းနှင့် သြစတြေးလျသို့ ဒေါ်လာ ၇.၁ သန်း အသီးသီးတန်ဖိုးရှိသော ထုတ်ကုန်များ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။
ဆန်အခြေခံထုတ်ကုန်များ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့် အသင့်စားသုံးနိုင်မှု စသည့်အချက်များသည် အသင့်စားထမင်းဘူးနှင့် အေးခဲရေညှိထမင်းလိပ်ကဲ့သို့သော ထုတ်ကုန် များအပေါ် ကမ္ဘာတစ်ဝှမ်း၌ လူကြိုက်များ ရေပန်းစားစေကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ် ရောဂါ ဖြစ်ပေါ်နေချိန်ကာလနှင့် ယင်းကာလနောက်ပိုင်းတို့တွင် ကမ္ဘာအနှံ့ အတိုင်းအတာအထိ အားပေးမှုကို ရရှိထားကြောင်းဖြင့် စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စားသုံးသူများ၏ အားပေးမှု အခိုင်အမာရရှိထားခြင်း သည် အဆိုပါထုတ်ကုန်များအား လွယ်ကူသောနည်းဖြင့် အဆင့်ဆင့်ချက်ပြုတ်နိုင်ခြင်းနှင့် ထားသို သိမ်းဆည်းနိုင်သော နည်းလမ်းများကြောင့် ဖြစ်သည်ဟု သိရှိရသည်။
အဆိုပါအောင်မြင်မှုအပေါ် အခြေခံ၍ တောင်ကိုရီးယားအစိုးရသည် ဆန်အခြေခံထုတ်ကုန်များကို ပြည်ပသို့တင်ပို့မှုအား အရှိန်အဟုန် မြှင့်တင်ရန်အတွက် ၂၀၂၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၄၀၀ အထိ တင်ပို့နိုင်ရေး အစီအစဉ်ကို ဆောင်ရွက်မည်ဟု ဇန်နဝါရီလ ၂၃ ရက် နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရသည်။
Source: Korea Herald, 29 January 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)