နို့စားနွားမွေးမြူခြင်းလုပ်ငန်း

Powered by Drupal

    မှော်ဘီမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အင်ကြင်းလမ်းတွင် နို့စားနွားမွေးမြူခြင်းလုပ်ငန်းကို ခြံပိုင်ရှင် ဉီးမင်းမင်းက ၁၉၉၉ခုနှစ်တွင် စတင်မွေးမြူခဲ့ရာ ခြံအကျယ်အဝန်း (၀.၄၅)ဧကကျယ်ဝန်းပြီး နွားအမျိုးအစားမှာ ဖရစ်ရှန်(နိုင်ငံခြား) နွားမျိုးကို အဓိကထားမွေးမြူထားပါသည်။ နွားအကောင်ရေ (၂၈)ကောင်ရှိရာ နွားမကြီး(၁၄)ကောင်၊ မဒန်း(၆)ကောင်၊ (၁)နှစ်ခွဲအသေး (၈)ကောင်၊ (၆)လသားအရွယ်နွားများမွေးမြူထားပြီး (၃)နှစ်သားရောက်လျှင် နို့ညှစ်၍ရပါသည်။ နွားမကြီး(၁၄) နှစ်သားထိ နို့ညှစ်ယူ၍ရပြီး နို့ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မျိုးပွားရန် မျိုးစပ်ရာတွင် မေထုန်မဲ့သားစပ်နည်းဖြင့်သားစပ်၍ သားတင်ရပါသည်။ နွားထီးမွေးပါက ရောင်းချရန်အရွယ်ရောက်လျှင် ပြန်လည်ရောင်းချပါသည်။ နွား(၁)ကောင်၏ တန်ဖိုးမှာ ကျပ်(၁၈) သိန်းမှ ကျပ်(၂၂)သိန်းအထိဈေးရှိကြောင်း၊ (၁)နှစ်လျှင် (၁)သားကျပြီး နွားအစာ (၂)မျိုးကျွေးပါသည်။ အစာတောင့်နှင့် ဘီယာဖတ်ကျွေး၍ ဘီယာဖတ် (၁)တန်လျှင် (၂၀၀၀၀၀)ကျပ်၊ CP အစာတောင့် (၁)အိတ်လျှင် (၆၀၀၀၀)ကျပ်ဈေးနှုန်းဖြစ်ပြီး တစ်ရက်လျှင် မနက်၊ ည (၁၂၈)ပိဿာ ကျွေးရပါသည်။ ဘီယာဖတ် (၁၂၂)ပိဿာ၊ အစာတောင့် (၆)ပိဿာဖြစ်ပြီး နွားနို့မှာ တစ်ရက်လျှင် (၄၀)ပိဿာထွက်ရှိပါသည်။ ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ခြံသို့ နွားနို့များကိုလာရောက်ဝယ်ယူပြီး အင်းစိန်မြို့နယ်ရှိ နို့ဈေးတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)