အထက်မင်းလှမြို့နယ်၌ စပျစ်သီးများစတင်ထွက်ပေါ်နေပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊  မယ်ဇလီတောကျေးရွာတို့တွင် စပျစ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     မင်းလှမြို့နယ်အတွင်း စပျစ်ခြံ(၈)ခြံရှိပြီး သရက်-မင်းလှကားလမ်းဘေးရှိ ပန်းတော်ပြင် ယာကွက်၌ စိုက်ပျိုးထားသော ဦးသန်းစိုး၏ စပျစ်ခြံမှာ (၁)ဧကနီးပါးရှိပြီး အပင်(၁၇၀)ခန့် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ မျိုးအနေဖြင့် အဝိုင်းမျိုးနှင့် အချွန်မျိုး (၂)မျိုးကိုသာ စိုက်ပျိုးထားကြောင်း၊ စပျစ်ခြံအနေဖြင့် လုပ်ကိုင်ခဲ့သည်မှာ (၄)နှစ်ရှိပြီဖြစ်ကြောင်း၊ နှစ်ရှည်ပင်ဖြစ်သောစပျစ်ပင်မှာ တစ်နှစ်လျှင် ဆောင်းသီးနှင့် မိုးသီးဟူ၍ (၂)သီး သီးနိုင်အောင် ပြုလုပ်နိုင်သော်လည်း မိမိစပျစ်ခြံအနေဖြင့် ဆောင်းသီးစပျစ်တစ်မျိုးသာ ထွက်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က စပျစ်ပိဿာချိန်(၈၀၀)မှ(၁၀၀၀)ထိထွက်ရှိသော်လည်း ယခုနှစ်တွင် ရာသီဥတုဖောက် ပြန်သည့်အပြင် စပျစ်ပင်ကို မှိုဟုခေါ်သော ပိုးကျသည့်အတွက် အထွက်နှုန်းလျော့ကျနိုင်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း စပျစ်ပင်စတင်စိုက်ပျိုးချိန်မှစ၍ တစ်ပတ်တစ်ခါ ရေပုံမှန်သွင်းပေးရကြောင်း၊ ယခုနှစ်တွင် ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ ဓါတ်မြေဩဇာခ၊ ရေသွင်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် စပျစ်ပင်များကို ကိုင်းဖြတ်စနစ်ဖြင့် စင်တင်စိုက်ပျိုးထားပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်)တွင် စတင်ထွက်ရှိပြီး (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၁၅၀၀၀)ဖြင့်ရောင်းချသလို လက်ကားဈေးအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့် ရောင်းချကြောင်း၊ အထွက်နှုန်းအနေဖြင့် လျော့ကျနိုင်သော်လည်း အဖွင့်ဈေးအနေဖြင့် ဈေးကောင်းရရှိသည့်အတွက် ကုန်ကျစရိတ်ပြန်လည်ကာမိပြီး သင့်တင့်သော အကျိုးအမြတ်ရရှိနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ဈေးကွက်အနေဖြင့် ဘက်စုံလမ်းစုံရှိ သစ်သီးဝလံအရောင်းအဝယ်ဆိုင်များနှင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ တင်သွင်းရောင်းချကြောင်း စပျစ်စိုက်တောင်သူ ဦးသန်းစိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)