ယောဒေသထွက် ယောလုံချည်ကွင်းများ၏ ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ယောဒေသထွက်လုံချည်ကွင်းများကို ယောဒေသဖြစ်သော ဂန့်ဂေါမြို့ပေါ်တွင်သာမက နယ်များတွင်လည်း ယောလုံချည် “ကျား”ဝတ်၊ “မ”ဝတ်များ ယက်လုပ် လျက်ရှိပါသည်။ ယောလုံချည် ကျားဝတ်၊ မဝတ်များကို အသုံးပြုသော ချည်များမှာ အများအားဖြင့် အိန္ဒိယချည်များကို အသုံးပြုကြပြီး အပွင့်ကောက်လေးများကို ပိုးချည်၊ ရိုးရိုးချည်များကို အသုံးပြု၍ ယက်လုပ်ကြပါသည်။ ယောချည်ထည်များ ယက်လုပ်ရာတွင် “မ”ဝတ်ပွင့်ကောက်လုံကွင်းများကို တစ်နေ့လျှင် တစ်ထည်နှုန်းဖြင့် တောင်သူလုပ်ငန်းများနှင့်တွဲဖက်၍ လုပ်ကိုင်ကြပါသည်။ လုပ်သားခ အနေဖြင့် လုံချည်အမျိုးအစားလိုက်၍ တစ်ကွင်းလျှင် ကျပ်(၅၀၀၀) မှ (၁၀၀၀၀)ထိရှိကြောင်း ယက်ကန်းလုပ်သားများထံမှ သိရှိရပါသည်။

    ယက်ကန်းယက်လုပ်သောရွာများမှာ ဝက်သက်၊ ဝါးဖိုးချောင်၊ အုန်းချောင်း၊ ရွှေကုန်တိုင်၊ အိုင်းမ၊ လောင်းဘိုလေး၊ လောင်းဖိုကြီး၊ အုန်းတွဲနှင့် ထီးလင်းမြို့နယ်ရှိ ရွာများမှ ယက်လုပ်ကြပြီး ထွက်ရှိသော ယောလုံချည် “မ”ဝတ်များမှာ စပေါ့၊ နှင်းဆီခိုင်၊ စပယ်ထွာပို၊ နှင်းဆီခိုင်ရိုးရိုး၊ နှင်းဆီ စစ်နှင့် “ကျား”ဝတ်ပုဆိုးများမှာ ညု၊ ကင်းတဒ်၊ ကွက်တူ၊ စောင်းကောက်၊ ကျေးရုပ်၊ အင်းမကွက် (မယားခိုးကွက်)၊ ထီးလင်း၊ ဂန့်ဂေါစပယ်ရှယ်များ ထွက်ရှိပြီး ဈေးနှုန်းများမှာလည်း အမျိုးအစားများကိုလိုက်၍ ကွဲပြားခြားနားကြပါသည်။

    ဈေးနှုန်းများအနေဖြင့် “မ”ဝတ်လုံချည်ကွင်းများဖြစ်သော စပေါ့လုံချည်ကွင်း တစ်ကွင်းလျှင် ကျပ်(၁၆၀၀၀)၊ စပေါ့ဝမ်းဆက် တစ်ကွင်းလျှင်ကျပ်(၂၇၀၀၀)၊ နှင်းဆီခိုင်တစ်ကွင်း လျှင်ကျပ်(၂၇၀၀၀)၊ နှင်းဆီစစ် တစ်ကွင်းလျှင် ကျပ်(၂၃၀၀၀)၊ နှင်းဆီခိုင်ရိုးရိုးတစ်ကွင်းလျှင် ကျပ်(၁၉၀၀၀)၊ စပယ်ထွာပို တစ်ကွင်းလျှင် ကျပ်(၁၈၀၀၀)တို့ဖြစ်ပြီး “ကျား”ဝတ်လုံချည်ကွင်းများ၏ ဈေးနှုန်းများမှာ ညု ၊ ကျေးရုပ်၊ ကင်းတဒ်၊ ထီးလင်း တစ်ကွင်းလျှင်ကျပ်(၁၇၀၀၀)၊ ကင်းတဒ်တစ်ကွင်းလျှင်ကျပ်(၁၂၀၀၀)၊ ကွက်တူ တစ်ကွင်းလျှင်ကျပ်(၁၁၀၀၀)၊ အင်းမကွက်(မယားခိုးကွက်)တစ်ကွင်းလျှင် ကျပ်(၁၈၀၀၀) နှင့်မျက်နှာ သုတ်တဘက် တစ်ထည်လျှင် ကျပ်(၄၀၀၀)ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိ‌ကြောင်း ယောလုံချည်ကွင်းများ ဖြန့်ဖြူးသူထံမှ သိရှိရပါသည်။

DOCA(မကွေး)