အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် မီနီမားကတ်များနှင့် စူပါမားကတ်များ၌ ဆန် ရောင်းချမှုကန့်သတ်ချက်များ တိုးမြင့်လာနေချိန်တွင် ဆန်လက်ကျန်များ လုံလောက်မှုရှိကြောင်း အစိုးရက ၁၂-၂-၂၀၂၄ ရက်နေ့၌ ပြောဆိုခဲ့ပါသည်။
နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးနောက် ဆန်လက်ကျန် လုံလောက်မှု အပေါ် အာမခံပါကြောင်းနှင့် ခေတ်မီလက်လီအရောင်းဆိုင်များအတွက် ဆန်ရရှိနိုင်မှုကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၏ အကြီးအကဲ Arief Prasetyo Adi က သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်မီလက်လီဆိုင်များတွင် ၅ ကီလိုဂရမ်ဝင် ဆန်အိတ်များ ရရှိနိုင်မှုမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဝန်းကျင်ကတည်းက ရှားပါးလာသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လက်လီဝယ်ယူသူများအတွက် ကန့်သတ်ချက်တစ်ခုဖြစ်လာခဲ့သည်။ လက်လီ စီးပွားရေးလုပ်ငန်း များအသင်းမှ အကြီးအကဲ Roy Mandey က ကန့်သတ်ချက် များရှိနေသည်ကို အတည်ပြုလျက် ဖြန့်ဖြူးမှုသေချာစေရန်နှင့် ထပ်ဆင့်ပြန်လည်ရောင်းချခြင်းကို ရှောင်ကြဉ်နိုင်စေရန်အတွက် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ဆန်များ ဝယ်ယူရရှိနိုင်မှု လွယ်ကူစေရေးအတွက်လည်း အသင်းက ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
အပတ်စဉ် တနင်္လာနေ့တွင် ထုတ်လွှင့်သည့် ငွေကြေးဖောင်းပွမှု အချက်အလက်များအရ ဆန်ဈေးသည် ဖေဖော်ဝါရီလလယ်တွင် ၁.၆၅% မြင့်တက်ခဲ့သည်။ ဇန်နဝါရီလတွင် ဆန်တန်ချိန် ၁.၆၃ သန်းနှင့် ဖေဖော်ဝါရီလ၌ တန်ချိန် ၁.၁၅ သန်း လိုအပ်ချက် ဖြစ်ပေါ်ခဲ့ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ အစိုးရသည် ၂၀၂၄ ခုနှစ်တွင် ဆန် တန်ချိန် ၂.၄၄ သန်း တင်သွင်းရန် စီစဉ်ထားပြီး ၎င်းအနက် တန်ချိန် ၄၄၅၀၀၀ ခန့်မှာ ၂၀၂၃ ခုနှစ် အတွက် တင်သွင်းရန်ကျန် ကိုတာခွဲတမ်းကို ဆက်လက်ဖော်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသား စားနပ်ရိက္ခာအေဂျင်စီက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် G2G အစီအစဉ်အရ ထိုင်းနိုင်ငံမှ ဆန်မက်ထရစ်တန်ချိန် ၂ သိန်းကို တင်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးအေဂျင်စီ (Bulog) က ၁၂-၂-၂၀၂၄ နေ့တွင် ပြောဆိုခဲ့သည်။ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်တို့မှလည်း ဆန်တန်ချိန် ၅ သိန်းကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယခုလအစောပိုင်းတွင် Bulog က ပြောကြားထား သည်။
အင်ဒိုနီးရှားအစိုးရသည် ယခုနှစ်တွင် ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ကိုတာခွဲတမ်းကို အတည်ပြုထားပြီး ရှေ့လာမည့်မတ်လတွင် လေးပုံတစ်ပုံရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ယခင်နှစ်ကာလတူ ထုတ်လုပ်နိုင်မှုအောက် ၄၆% လျော့ကျလျက် ဆန်တန်ချိန် ၂.၂၅ သန်းခန့်သာ ထွက်ရှိနိုင်သဖြင့် ကနဦးခန့်မှန်းခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဆန်ထွက်ရှိနိုင်မှု မက်ထရစ်တန်ချိန် ၃၂ သန်း ခန့်မှန်းချက်ကို ပြန်လည်လျှော့ချခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ခြောက်သွေ့သော အယ်လ်နီညိုရာသီဥတုကြောင့် ပြီးခဲ့သည့်နှစ်တွင် ဆန်စပါးထုတ်လုပ်မှု အလျဉ်ပြတ်တောက်ခဲ့သော်လည်း ယခုနှစ်၌ ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်ရန် မျှော်လင့်ရ ကြောင်းနှင့် အယ်လ်နီညိုသည် ၂၀၂၄ ခုနှစ် အစောပိုင်းထိ ဆက်လက်တည်ရှိနေရာမှ ဧပြီလတွင် တဖြည်းဖြည်း ပျက်ပြယ်သွားဖွယ်ရှိသည်ဟု အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီက ခန့်မှန်းထား ကြောင်း သိရှိရပါသည်။
Source: Bangkok Post, 12 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)