နိုင်ငံတစ်ဝန်းတွင် ဆန်ဝယ်ယူရရှိရန် လွယ်ကူမှုနှင့် ဈေးနှုန်းများတည်ငြိမ်မှု ရရှိစေရန်အတွက် စီမံချက် (၅) ခုဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၏ အကြီးအကဲ Arief Prasetyo Adi က ၁၁-၂-၂၀၂၄ နေ့တွင် ပြောကြား ခဲ့သည်။
ပထမအစီအမံသည် နိုင်ငံတစ်ဝန်းလုံးရှိ ဆိပ်ကမ်းအသီးသီးတွင် တင်သွင်းလာသော ဆန်များအား သင်္ဘောပေါ်မှ ချယူခြင်းလုပ်ငန်းစဉ်ကို လွယ်ကူမြန်ဆန်စေခြင်းဖြစ်သည်။ ဒုတိယစီမံချက်အနေဖြင့် အေဂျင်စီသည် ဂျကာတာမြို့ရှိ Cipinang ဗဟိုဆန်ဈေးကွက်သို့ ဖြန့်ဖြူးမည့် ဆန်တန်ချိန် ၅၀၀၀၀ အပါအဝင် နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog ၏ ဆန်တန်ချိန် ၂၀၀၀၀၀ ရောင်းချဖြန့်ဖြူးမှုကို ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း Mr. Adi က ပြောဆို သည်။
တတိယနှင့် စတုတ္ထ စီမံချက်များသည် စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်အရ ရိုးရာစျေးဆိုင်များနှင့် လက်လီစတိုးဆိုင်များသို့ ဆန်ဖြန့်ဝေလျက် နိုင်ငံတစ်ဝန်း စျေးသက်သာသော စားနပ်ရိက္ခာ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်အရ ဆန်တန်ချိန် ၁.၂ သန်းကို လက်လီဆိုင်များသို့ ဖြန့်ဝေမည်ဖြစ်ပြီး Cipinang ဗဟို ဆန်ဈေးကွက်တွင် ဆန်တန်ချိန် ၃၄၀၀၀ ကျော်ကို စုဆောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
ပဉ္စမစီမံချက်နေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် အထွေထွေရွေး ကောက်ပွဲအပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဆန်အခမဲ့ထောက်ပံ့ဖြန့်ဖြူးမှု အစီအစဉ်ကို ပြန်လည်စတင် လုပ် ဆောင်ခြင်းဖြစ်ကြောင်း Mr. Adi က အာမခံ ပြောကြားခဲ့သည်။ အစိုးရသည် ရွေးကောက်ပွဲကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဇန်နဝါရီလ ၈ ရက် မှ ဖေဖော်ဝါရီ ၁၄ ရက် အတွင်း ဆန်ဖြန့်ဝေမှု ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
မတ်လတွင် မျှော်မှန်းထားသည့် အဓိက စပါးရိတ်သိမ်းချိန်မတိုင်မီ အမျိုးသား စားနပ် ရိက္ခာအေဂျင်စီ၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များသည် လယ်သမားများ၏ ရောင်းချမှုအဆင့်၌ ဈေးနှုန်းကျဆင်းခြင်းကို ကာကွယ်ရန်အတွက် ပြည်တွင်းမှ ထွက်ရှိသော စပါးများအား ဝယ်ယူသည့်လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အစိုးရ၏ အရန်စားနပ်ရိက္ခာသိုလှောင်မှု အစီအစဉ်၌ ပြည်တွင်း ထုတ်လုပ်မှုမှ ဦးစားပေးဖြည့်တင်းနိုင်ရေးကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: Antara News, 11 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)