အကျိုးစီးပွားဖြစ်ထွန်းဖို့ ကြံကိုအားထားစိုက်ပျိုးစို့

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကြံချက်ဖိုတည်၍ စီးပွားဖြစ်ထွန်းအောင်မြင်နေသောတောင်သူကြီးတစ်ဦးနှင့် သွားရောက်ကွင်းဆင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် တောင်သူကြီးသည် ကြံအပြင် အခြားသီးနှံများကိုလည်း စိုက်ပျိုး ထားကြောင်း၊ ကြံစိုက်ဧက ၊ ကြံစိုက်ပျိုးချိန်၊ ကြံစိုက်ပျိုးထွက်ရှိမှု နှုန်းများနှင့် မိမိပိုင်ယာမြေဖြစ်‌သော ကန့်ဘလူမြို့နယ် ၊ ဂါးထာကျေးရွာအုပ်စု ၊ ဆည်ကြီးကျေးရွာ တောတိုက်နှင့် (၅၅၉-က) နတ်ပေးကွင်း တို့တွင် စိုက်ဧက(၇၀)ကို စိုက်ပျိုးထားရှိပြီး   ကြံကို ဆောင်းစိုက် နှင့် မိုးစိုက်ဟူ၍ (၂)မျိုး ရှိရာမှာ မိုးရာသီစိုက်ပျိုးလျှင် ကဆုန်/နယုန်လများတွင် စိုက်ပျိုးရပြီး၊ ဆောင်းရာသီ စိုက်ပျိုးလျှင်  သီတင်းကျွတ် လမှာစိုက်ပျိုးကာ ကြံစိုက်စက်ဖြင့် တစ်ဧကလျှင် ကြံတန်ချိန်(၃)တန် ခန့် စိုက်ပျိုး၍ ပြာသို/ တပို့တွဲလ များတွင်  ခုတ်သိမ်းရပါသည်။

   ကြံတစ်ခါစိုက်လျှင်(၅)နှစ်မှ (၇)နှစ် ကြာမြင့်သည့်အထိ ခုတ်ယူစားသုံးရပါသည်။ ယခုနှစ် ခုတ်ယူ ရသောကြံသည် ဒုတိယသားဖြစ်ပြီး စိုက်ကွင်းမှ ခုတ်ယူရရှိခဲ့သော ကြံများကို ကန့်ဘလူမြို့ အမှတ်(၂) ရပ် ကွက်တွင် ချက်ဖိုတည်၍ ပါဝါမီတာတပ်ပြီးကြံရည်ညစ်စက်ဖြင့် ကြံရည်ညစ်ကာ ရရှိလာသော ကြံရည်များကို အဆင့်ဆင့်ချက်ပြီးမှ အိတ်ထောင်းနှင့်သကာရည်များရရှိပါသည်။ ကြံစိုက်ပျိုးရန် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ သွင်းအားစုများထည့်ခြင်း အလုပ်သမား ငှားရမ်းခြင်း၊ တောတိုက်မှ မြို့ထဲသို့ သယ်ယူသည့်ကားခနှင့် ကြံချက်၍ အိတ်ထောင်းနှင့်သကာရည် ရသည်အထိ တစ်ဧက ကုန်ကျစရိတ် မှာ (၁၅)သိန်းခန့် ရှိပါသည်။

   ထွက်ရှိသော သကာရည်ပိုင်းများနှင့်အိတ်ထောင်းများကို တစ်ပိသာလျှင်(၃၅၀၀)ကျပ်နှုန်းဖြင့် သကြားစက်များရှိရာသို့ တင်ပို့ရောင်းချကြောင်း ၊ (၁)နှစ်ကြံတစ်ဧကဝင်ငွေ(၃၅)သိန်းခန့်ရရှိပြီး အမြတ် အစွန်းမှာ(၂၀)သိန်းခန့်ကျန်ရှိသောကြောင့် ကြံစိုက်ပျိုး ချက်လုပ်ပြီး ရောင်းချလျှင် ထက်ဝက် အမြတ်ကျန် သဖြင့် တောင်သူများအနေနှင့် ကြံစိုက်ပျိုးသင့်ကြောင်းကို ကန့်ဘလူမြို့ရှိ စီးပွားဖြစ်ထွန်း အောင်မြင်နေသော တောင်သူကြီး ဦးသောင်းငွေမှ တိုက်တွန်းပြောကြားခဲ့ပါသည်။

  ကြံအပြင် အခြားသီးနံများဖြစ်သည့် စပါး၊ ပြောင်း၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ နေကြာ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းစသည်တို့ကိုလည်း စိုက်ပျိုးပြီး စပါး စိုက်ဧက(၄၀)ကို စပါးတင်း(၃၀၀၀)ထွက်ရှိကြောင်း၊ ပြောင်း စိုက်ဧက (၃၀၀)ကို ပြောင်းဆံတင်း(၁၀၀၀)ထွက်ကြောင်း၊ ပဲစဉ်းငုံ စိုက်ဧက(၁၀၀)ကို ပဲစဉ်းငုံတင်း(၅၀၀) ထွက်ရှိကြောင်း  မိမိကိုယ်တိုင် စိုက်ပျိုးရေး မွေးမြူရေး ဆုများရရှိထားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)