မရမ်းပင်ကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကျေးရွာတချို့တွင် မိမိတို့အိမ်ခြံဝန်းအတွင်း (၁/၂) ပင်ခန့်စိုက်ပျိုးကြပါသည်။ အချိုသီးနှင့်အချဉ်သီးဟူ၍ မရမ်းပင်နှစ်မျိုးကိုစိုက်ပျိုးကြပြီး မရမ်းသီး (အကင်း) ကို အများအားဖြင့် အချဉ်ပင်မှ ခူးဆွတ်ရောင်းချကြပါသည်။ အချိုသီးကို အသီးမှည့်ချိန်မှစ၍ ခူးဆွတ်ရောင်းချကြပါသည်။ ဒေသခံများက မရမ်းပင်စိုက်ပျိုးရာတွင် အများအားဖြင့် ဒေသမျိုးများကိုစိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အလားအလာရှိသည့် ယိုဒယားကြက်ဥ မရမ်းချိုမျိုးကိုလည်းစိုက်ပျိုးလာကြပါသည်။
နတ်တလင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ မရမ်းသီး (အကင်း) များထွက်ရှိလာရာ ဖေဖေါ်ဝါရီလ ပထမပတ်တွင် မရမ်းသီး (အနု) တစ်ပိဿာလျှင် (၄၀၀၀၀-၄၅၀၀၀) ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် မရမ်းသီး (အနု) ထွက်ရှိမှုများလာသည့်အတွက် တစ်ပိဿာလျှင် (၃၀၀၀၀- ၂၅၀၀၀) ကျပ်သာရှိတော့ကြောင်းသိရှိရပါသည်။
မရမ်းပင်မှာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်ဝင်ငွေရရှိသော အပင်လည်းဖြစ်ပါသည်။ စားသုံးသူများက မရမ်းသီးကို အနု(အကင်း)မှစ၍ ရင့်မှည့်အချိန်အထိ အမျိုးမျိုးပြုပြင်စီမံစားသုံးလေ့ရှိသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)