ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိသည် တိုင်ကြားခံရသည့် ကုမ္ပဏီထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကြားသူသည် ဘဏ်တစ်ခုနှင့်ချိတ်ဆက်၍ KIA Rio မော်တော်ယာဉ်အား Deposit 10 % ပေးသွင်းဝယ်ယူခဲ့ပြီးနောက် ၇-၂-၂၀၁၉ ရက်နေ့တွင် ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် အာမခံကုမ္ပဏီတစ်ခုမှတဆင့် ကားပြုပြင်ရေးဆိုင်သို့ ပြုပြင်ခဲ့ရာ (၆) လနီးပါးကြာမြင့်ခဲ့ကြောင်း၊ ၂၂-၈-၂၀၁၉ ရက်နေ့တွင် ၎င်းတို့၏ ကုမ္ပဏီသို့ မော်တော်ယာဉ်အား ပြန်လည်သိမ်းယူပေးရန်နှင့် ပေးသွင်းထားသော စရံငွေ(DP)များ ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ တိုင်ကြားသူမှဘဏ်သို့ လစဉ်အရစ်ကျငွေများ ပေးသွင်းရန်ပျက်ကွက်မှုများဖြစ်ပေါ်နေသဖြင့် တိုင်ကြားသူ၊ ချိတ်ဆက်ခဲ့သည့်ဘဏ်နှင့် တိုင်ကြားခံရသည့် ကားရောင်းဝယ်ရေးကုမ္ပဏီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း၊ တိုင်ကြားသူက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပျက်ကွက်ငွေများ ပေးသွင်းရမည်ဖြစ်သော်လည်း ပေးသွင်းမှုမရှိဘဲ ပျက်ကွက်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် ကားပြင်နေစဉ် အစားထိုးမော်တော်ယာဉ် KIA Optima အား ငှားရမ်းခတောင်းယူခြင်းမရှိဘဲ အစားထိုးပေးထားခဲ့သော်လည်း တိုင်ကြားသူမှာ ဘဏ်သို့ပေးသွင်းရန်ပျက်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သဖြင့် ကုမ္ပဏီကတိုင်ကြားသူ၏ ပျက်ကွက်ငွေများအတွက် ဘဏ်သို့စိုက်ထုတ်ပေးသွင်းခဲ့ရသောကြောင့် အငှားဝယ် အရစ်ကျစနစ် စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ မော်တော်ယာဉ်အား သိမ်းယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် တိုင်ကြားသူနှင့်ညှိနှိုင်းရှင်းလင်းဆောင်ရွက်ပြီး ငွေကျပ် ၂၅၀၀,၀၀၀/- (ကျပ်နှစ် ဆယ့်ငါးသိန်းကျပ်တိတိ)ကို ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူသို့ လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။