ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

မြိတ်မြို့တွင်စားသုံးသူနစ်နာဆုံးရှုံးမှုရှိသဖြင့်တိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်ပေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ Website Complaint System တွင် အွန်လိုင်းမှ အထည်ဝယ်ယူရာတွင် ငွေလွှဲပြီးနောက် မှာယူသည့် ပစ္စည်းမရောက်ရှိလာသဖြင့် တိုင်ကြားလာမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လွှဲပြောင်း ပေးမှုအရ မြိတ်မြို့နေ တိုင်ကြားသူအား  မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ တိုင်ကြားမှုနှင့် ပတ် သက်၍ လိုအပ်သည့်အချက်အလက်များအား ထပ်မံတောင်းခံရန်နှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး နိုင်ရေး ခေါ်ယူတွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမေးမြန်းရာတွင် နစ်နာသည့် စားသုံးသူမှ အွန်လိုင်းရောင်းဝယ်ရေး Tik Tok acc တစ်ခုမှ အထည်များအား ရွေးချယ်မှာယူခဲ့ရာ ငွေလွှဲပြီးနောက် ပစ္စည်းပို့ဆောင်ခြင်းမရှိဘဲ ဖုန်း နံပါတ်အား စက်ပိတ်ထားခြင်း၊ acc အားဖျက်သိမ်းခြင်းများပြုလုပ်သွားကြောင်းနှင့် ငွေလွှဲပြေစာဖြတ်ပိုင်း၊ ပစ္စည်းမှာယူထားသည့် အချက်အလက်များအားပြသခဲ့ရာ ခရိုင်ဦးစီးမှူးမှ ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးနိုင်ရေး လိမ်လည်သွားသည့် စီးပွားရေးလုပ်ငန်းရှင်၏ Tik Tok acc၊ ဖုန်းနံပါတ်တို့အား ဆက်သွယ်ဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်၍ မရရှိတော့သဖြင့် အွန်လိုင်းမှတ်ပုံတင်စနစ် www. ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်ထားခြင်း ရှိ/မရှိ acc name၊ acc link တို့အား စစ်ဆေးရာ မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားခြင်းမတွေ့ရှိသဖြင့် KBZ Pay Call Center အား ဆက်လက်စုံစမ်းရာတွင်လည်း သတ်မှတ်လုပ်ထုံးလုပ်နည်းများအရ ရဲစခန်းမှ ပ အမှုဖွင့်စာပါရှိမှသာ ဆက်လက်ဆောင်ရွက်၍ရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့မှုအား တိုင်ကြားသူအား ပြန်လည် ရှင်းလင်းခဲ့ပြီး အွန်လိုင်းစနစ်မှ ဝယ်ယူရာတွင် သိရှိလိုက်နာသင့်သည့်အချက်များနှင့် အွန်လိုင်းမှတ်ပုံ တင်စနစ်တွင် မှတ်ပုံတင်လက်မှတ်ရယူ‌ဆောင်ရွက်လျက်ရှိ‌သော အွန်လိုင်းလုပ်ငန်းများမှသာ ဝယ်ယူ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ရာ တိုင်ကြားသည့် စားသုံးသူမှ အွန်လိုင်းမှဝယ်ယူရာတွင် သိရှိသင့်သည့်အချက်များနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားသော လုပ်ငန်းများမှသာ ဝယ်ယူသွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့စားသုံးသူရေးရာဦးစီးဌာန မှတိုင်ကြားမှုအား ဖြေရှင်းစုံစမ်းဆောင်ရွက်ပေးခဲ့မှုအား စိတ်ကျေနပ်မှုရရှိသဖြင့် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်း‌ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ရာ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

မော်တော်ယာဉ်ပြုပြင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် မော်တော်ယာဉ်ပြုပြင် ရေးအလုပ်ရုံမှ ဝန်ဆောင်ခရယူခြင်းနှင့် မထိုက် တန်သော ဝန်ဆောင်မှုများသာ ပေးအပ်လျက်ရှိပြီး ဝန်ဆောင်မှုရယူသူအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း၊ အချိန်ကုန်ခြင်းနှင့် အခြားသော ထိခိုက် ဆုံးရှုံးမှုများ တွေ့ကြုံခံစားနေရပါသောကြောင့် လိုအပ်သည်များ စစ်ဆေးအရေးယူ ညှိနှိုင်းပေးပါရန် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား သူနှင့်တိုင်ကြားခံရသည့် မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံမှ တာဝန်ရှိသူတို့အား (၁၀)ကြိမ် တိုင်တိုင် ခေါ်ယူတွေ့ဆုံ၍ စုံစမ်းမေးမြန်းခြင်းနှင့် စေ့စပ်ညှိနှိုင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ နှစ်ဦး နှစ်ဖက်သဘောတူညီမှုအရ တိုင်ကြားသူက မော်တော်ယာဉ်ပြုပြင်ခနှင့် ပစ္စည်းတန်ဖိုးကုန်ကျငွေ စုစုပေါင်း ၁၁,၁၂၁,၀၀၀/- ၏ တစ်ဝက်ဖြစ်သော ငွေကျပ် ၅,၅၆၀,၅၀၀/- ကို မော်တော်ယာဉ် ပြုပြင်ရေးအလုပ်ရုံသို့ ပေးချေခဲ့ပြီး ကျန်ငွေများကို ပေးချေရန်မလိုကြောင်း နှစ်ဦးနှစ်ဖက် သဘောတူ ညီမှုရရှိခဲ့ကြသဖြင့် ပုံစံ(၉)တွင် လက်မှတ်ရေးထိုးခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။

ဆိုဖာဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

  ရန်ကုန်မြို့နေ တိုင်ကြားသူ တစ်ဦးသည် Online Shop တစ်ခုမှ ပစ္စည်းများကို ငွေကြိုလွှဲ၍ ဆိုဖာရှည်မှာ ယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းပေးပို့ နိုင်ခြင်းမရှိ သောကြောင့် စာဖြင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် Online Shop နှင့် တိုင်ကြားသူတို့အကြား ဆိုဖာရှည်ပေးပို့နိုင်ခြင်း မရှိသောကြောင့် အငြင်းပွားနေသည့် တိုင်ကြားမှုအား ၁၃-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် တင်ပြဆွေး နွေးခဲ့ရာ ကော်မတီဝင်များမှ တိုင်ကြားသူထံပေးအပ်ရန် ကျန်ရှိနေသည့် ဆိုဖာရှည်(၁)လုံးအစား အသင့်ပို့ဆောင်ရန်ရှိသည့် ဆိုဖာများအနက်မှ တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာ(၁)ခုအား ပေးအပ်ခြင်းဖြင့် ပြေလည်မှု ရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့မှုအပေါ် တိုင်ကြားခံရသည့် Online Shop မှ တိုင်ကြားသူအား ဆက်သွယ်ပြီး တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာအား စိတ်တိုင်းကျရွေးချယ်စေခဲ့ပြီး တိုင်ကြားသူနေအိမ်သို့ ပို့ဆောင်ပြီးဖြစ်ပါကြောင်း အကြောင်းပြန် ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုဖာ လက်ခံရရှိပြီဖြစ်ကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။

ကုန်စည်ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရှမ်းပြည်နယ် တောင်ကြီးမြို့နေ တိုင်ကြားသူ တစ်ဦးသည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှတစ်ဆင့် တောင်ကြီးမြို့မှ ကိုးရီးယားနိုင်ငံသို့ ပစ္စည်းပို့ဆောင်ခဲ့ ရာ ပစ္စည်းမရောက်သည့်အတွက် ပေးပို့ခဲ့သည့် ပစ္စည်း တန်ဖိုးနှင့်အညီ ငွေကျပ် ၁,၈၈၉,၀၀၀/- အား ငွေပြန် လည်ရယူလိုသည့်အတွက် ရှမ်းပြည်နယ် ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါ သည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူထံ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူက ၂၉-၄-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်ဖြေရှင်းပေးခဲ့ပြီး တောင်ကြီးမြို့မှ ကိုးရီးယားနိုင်ငံသို့ ပစ္စည်းပို့ဆောင်ပေးခဲ့ရာ ပေးပို့ခဲ့သည့် ပစ္စည်းတချို့တဝက်အား ကိုးရီးယားနိုင်ငံ သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်ပသို့ပို့ဆောင်ရန် ကန့်သတ်ထားသော ဆေးဝါးပစ္စည်း တချို့ အား တိုင်ကြားသူလက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူဘက်မှ ပို့ဆောင်သောပစ္စည်းမှာ မှန်ကန်ပါကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းမှာလည်း မှန်ကန်ပါကြောင်း စစ်ဆေးလက်ခံခဲ့ပြီး ကျေနပ် မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

သစ်သားဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ တိုင် ကြားသူ တစ်ဦးသည် သစ်သားအရောင်းဆိုင် တစ်ခု မှ‌ ရောင်းချသော ယင်းမာအမျိုးအစား သစ်သားများ ဝယ်ယူခဲ့ရာ လာရောက် ပို့ဆောင်ရာတွင်မှာယူထား သော သစ်သားအမျိုး အစားနှင့် ကိုက်ညီမှုမရှိသော အခြားသစ်သားများ ပါဝင်လာသဖြင့် ပြန်လည်ပို့ ဆောင်ခဲ့ပြီးယင်းသစ်သားအရောင်း ဆိုင်မှပေးပို့လာ သော အခြားသစ်သားများအတွက် တန်ဖိုးငွေကျပ် ၅,၀၂၀,၀၀၀/-ကို ပြန်လည်ပေးအပ်မည်ဟု ကတိပြုခဲ့သော်လည်း (၃)လကျော်ကြာသည်အထိ ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့  တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် သစ်သားအရောင်းဆိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သစ်သားဖိုးငွေကျပ် ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ယခုအချိန်ထိ ပေးအပ်နိုင်ခြင်းမရှိပါ ကြောင်း၊ ၃၁-၃-၂၀၂၃ ရက်နေ့တွင် အကြေပေးအပ်သွားမည်ဖြစ်ပါကြောင်း တင်ပြလာခဲ့ပါသဖြင့် ပြည်နယ်ဦးစီးမှူးက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်၏ ကိုယ်စားလှယ်တို့ အားစေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားသူမှနစ်နာဆုံးရှုံးသည့် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကိုပြန်လည်ရရှိပါက တိုင်ကြားမှုကို ကျေအေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်ကလည်း အသိ သက်သေများ ရှေ့မှောက်တွင် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးအပ်ခဲ့ပြီး တိုင် ကြားသူနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီး တိုင်ကြားမှုပိတ်သိမ်းကြောင်း သဘော တူညီချက်လက်မှတ် ရေးထိုးစေခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

မိတ္ထီလာခရိုင်အတွင်း Wifi ဝန်ဆောင်မှု တိုင်ကြားခြင်းအား ဖြေရှင်းဆောင်ရွက်ခြင်း

                    မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ကျီတော်ကုန်းရပ်ကွက်နေ စားသုံးသူပြည်သူတစ်ဦးသည်   မိတ္ထီလာမြို့ရှိ Company တစ်ခုမှ Wifi ဝန်ဆောင်မှုအား စတင်အသုံး ပြုခဲ့ပါသည်။(၇.၄.၂၀၂၆)မိတ္ထီလာမြို့ လေပြင်းကျသည့်နေ့မှစ၍ Wifi ဝန်ဆောင်မှု ပြတ်တောက် သွားခဲ့ရာ (၈.၄.၂၀၂၆)ရက်နေ့တွင် အင်တာနက်မရသေးကြောင်း ဆက်သွယ်ပြောကြား ခဲ့သော်လည်း ဝန်ဆောင်မှုပြန်လည်မရရှိခဲ့ပါ (၁၈.၄.၂၀၂၆)ရက်နေ့တွင် ဘေလ်ဆောင်ရန်နီးနေပြီဖြစ်သဖြင့် လိုင်းပြတ်တောက်မှုရက်များအတွက် ရက်အစားထိုးပေးမည်လား(သို့) ငွေပြန်အမ်းပေးရန် မေးမြန်းခဲ့ရာ ပြတ်တောက်မှု (၇၂)နာရီကျော်ပါက ရက်အစားထိုးပေးကြောင်းဖုန်းဖြင့် ဖြေကြား ခဲ့ပါသည်။ (၇.၄.၂၀၂၆)ရက်နေ့မှစ၍ လိုင်းပြတ်တောက်ခဲ့ရာ(၂၁.၄.၂၀၂၆)ရက်နေ့ ညနေ (၆း၃၀) နာရီခန့်တွင် Wifi ကြိုးပြန်လည်ချိတ်ဆက်ပေးခဲ့၍ အသုံးပြုရခဲ့ပါသည်။(၂၃.၄.၂၀၂၆)ဘေလ် ဆောင်ရက်တွင် Wifi ရုံးမှ ဖုန်းဆက်လာသဖြင့် ရက်အစားထိုးပေးမည်လား(သို့) ငွေပြန်အမ်းပေးရန် တောင်းဆိုခဲ့ရာ  ရုံးမှအကြောင်းပြန်ကြားခြင်းမရှိခဲ့ဘဲ (၂၄.၄.၂၀၂၆)ရက်နေ့တွင်  Wifi ဝန်ဆောင်မှုကို ဖြတ်တောက်ခဲ့ကြောင်း၊ စားသုံးသူမှ Wifi ရုံးချုပ်နှင့် မိတ္ထီလာရုံးခွဲတို့အား ဝန်ဆောင်မှုပျက်ကွက် ရက်များအတွက် တာဝန်ယူဖြေရှင်းမပေးသည့်အပေါ် စိတ်ကျေနပ်မှုမရှိခြင်း၊ သဘာဝဘေးဒဏ် အကြောင်းပြ၍ ဝန်ဆောင်မှုဖြတ်တောက်ခြင်းအပေါ် ကျေနပ်မှုမရှိပါကြောင်း၊ သဘာဝဘေးဒဏ် နာရီပိုင်းဖြစ်ပျက်ခဲ့မှုအပေါ် ပြန်လည်ပြင်ဆင်ရန်ခက်ခဲမှု(၇၂)နာရီ (သို့)(၃)ရက်ခန့် ဆိုလျှင် လက်ခံနိုင်ပါသော်လည်း ရက်သတ္တ(၂)ပတ်မျှ ဝန်ဆောင်မှုပျက်ကွက်ခဲ့သည့်  အပေါ် တာဝန်ယူမှုမပြုခဲ့သည့်အတွက် တိုင်ကြားလာခြင်းဖြစ်ပါသည်။

          တိုင်ကြားမှုအား မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ နှစ်ဦးနှစ်ဖက်အား ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ ရာ Wifi ကုမ္ပဏီမှ နစ်နာသည့်စားသုံးသူအား အဆင်မပြေမှုများအတွက် ကုမ္ပဏီဘက်မှ ပျက်ကွက်သည့်ရက်များအတွက် အစားထိုးပေးလျော်ငွေ (၁၀၀၀၀)ကျပ် အား ပေးခဲ့ပြီး နှစ်ဦးနှစ်ဘက်သဘောတူညီမှုရရှိကာ တိုင်ကြားမှုအား မှတ်တမ်းတင် အမှုပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)           

မော်တော်ယာဉ်ခရီးသွားလာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

                   ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်၊ ကလောမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအား ရန်ကုန်မြို့နေ တိုင်ကြားသူတစ်ဦးသည် ကလော၊အင်းလေး၊ တောင်ကြီး၊ ပင်းတယ ခရီးစဉ်အတွက် (၈၅၀၀၀၀ိ/-) ကျပ်ဖြင့် သဘောတူပြီး (၁၇.၃.၂၀၂၆) ရက်နေ့တွင် စရံငွေ (၄၀၀၀၀၀ိ/-) ကျပ် ပေးချေခဲ့ပြီး (၃၀.၃.၂၀၂၆ )ရက်နေ့တွင် ဆီဈေးတက်သောကြောင့်ဆိုကာ (၁၃၅၀၀၀၀ိ/-)ထိ ဈေးတက်ခဲ့သောကြောင့် စရံငွေပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ စရံငွေပြန်လည်ပေးအပ်ရန် ငြင်းဆိုသည့် အတွက် (၂၃.၄.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန  Complaint  Website Box မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

          တိုင်ကြားလာမှုအပေါ် ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်းမြို့) မှ (၂၄.၄.၂၀၂၆) ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်အား ကလောခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ရာ စီးပွား‌ရေးလုပ်ငန်းရှင်ဘက် မှ နှစ်ဦးသဘောတူထားသည့် မော်တော်ယာဉ်ဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဈေးနှုန်းမြင့်တက် ရခြင်းမှာ စက်သုံးဆီဈေးနှုန်းရုတ်တရက် မြင့်တက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊စားသုံးသူဘက်မှ ခရီးစဉ် ဖျက်သိမ်းမှုကြောင့် ၎င်းကာလတွင် အခြားငှားရမ်းသူမရှိတော့သဖြင့် နစ်နာခဲ့ရကြောင်း၊ ၎င်း နစ်နာမှုအပေါ် စားသုံးသူဘက်မှ သက်ညှာသော သဘောဖြင့် ကြိုတင်ပေးချေငွေ (၄၀၀၀၀၀ိ/-) ကျပ် မှ (၂၅၀၀၀၀ိ/-) ကျပ် ပြန်လည်ပေးအပ်ပါမည်အကြောင်း ပြောကြားခဲ့ပြီး ၊ တိုင်ကြားသူ(စားသုံးသူ) ဘက်မှလည်း နားလည်ကျေနပ်ပါကြောင်းနှင့် ကြိုတင်ပေးချေငွေ (၄၀၀၀၀၀ိ/-) ကျပ်မှ (၂၅၀၀၀၀ိ/-) ကျပ် ပြန်လည်ပေးအပ်မည်ကို လက်ခံသဘောတူခဲ့ပါသည်။

          တိုင်ကြားသူ(စားသုံးသူ)နှင့် မော်တော်ယာဉ်ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်း (စီးပွား‌ရေး လုပ်ငန်းရှင်) အကြား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအတွက် ကြိုတင်ပေးချေငွေ ပြန်လည်ရယူလိုခြင်း အငြင်းပွားမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၄.၄.၂၀၂၆) ရက်နေ့ တွင် ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ပြီး ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) မှ အမှုအားပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

သန့်ရှင်းသောသောက်ရေသန့်များ ရောင်းချပေးမှုမရှိသဖြင့် စစ်ဆေးအရေးယူပေးပါရန် တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

၃။       မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ တိုင်ကြားသူ တစ်ဦးသည် သောက်ရေသန့်လုပ်ငန်းတစ်ခုမှာ ဈေးကွက် သို့ ဖြန့်ဖြူးနေသည့် ရေဘူးများအား ရေဘူးအကြမ်းဆေး ခြင်း၊ အချောဆေးခြင်း၊ သတ်မှတ်ထားသော အလုံပိတ် အခန်းအတွင်း ရေချောထုတ်ခြင်း၊ ပါကင်ပိတ်ခြင်းများ ပြု လုပ်မှုမရှိခြင်း၊ နေ့စဉ်ဈေးကွက်သို့ဖြန့်ချိသော ရေသန့်အား အရည်အသွေး စစ်ဆေးဓာတ်ခွဲခြင်းစသော FDA မှ ချမှတ်ထားသော စည်းကမ်းများနှင့် မညီညွတ်ဘဲ ထုတ်လုပ်ဖြန့်ဖြူးနေပါသဖြင့် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေသောကြောင့် စစ်ဆေး အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးသို့စာဖြင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စိစစ်ခဲ့ရာ အဆိုပါတိုင်ကြားမှုမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ လုပ်ထုံးလုပ်နည်း နှင့် ကိုက်ညီမှုမရှိကြောင်း တိုင်ကြားလာသည့် တိုင်ကြားမှုဖြစ်သဖြင့် သက်ဆိုင်ရာဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သို့ အမှုလွှဲပြောင်း ခွင့်ပြုပါရန်နှင့် လမ်းညွှန် မှုပြုနိုင်ပါရန် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌသို့ တင်ပြခဲ့မှုအပေါ် ဥက္ကဋ္ဌကအမှုလွှဲပြောင်း ရန်ခွင့်ပြုခဲ့ပါသဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သို့ တိုင်ကြားမှုအား လွှဲ ပြောင်းခဲ့ပါသည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တိုင်ကြားခံရသည့် သောက်ရေသန့် လုပ်ငန်းသို့စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ် မှတ်ထားသည့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးနေခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အမျိုးသားအစားအသောက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးနိုင်ရန် ကျိုက်ထိုမြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီဥက္ကဋ္ဌထံ တင်ပြခဲ့ရာ သောက်ရေသန့်စက်ရုံအား အမျိုးသားအစားအသောက်ဥပဒေအခန်း(၆)ပါ ပုဒ်မ၁၃ (က)နှင့် ပုဒ်မ ၁၄ အရ သောက်ရေသန့်ထုတ်လုပ်ခြင်း ထောက်ခံချက်အား ၅-၃-၂၀၂၆ ရက်နေ့မှစ၍ (၃)လ ယာယီ ရပ်ဆိုင်းပြီး ယင်းကာလအတွင်း စက်ရုံ၏ အားနည်းချက်များကို ပြန်လည်ပြင်ဆင်၍ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးမှုခံယူကာ လုပ်ငန်းပြန်လည် စတင်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများအရ ထပ်မံအရေးယူမည်ဖြစ်ကြောင်း ဆောင်ရွက်ထားရှိမှုအား အကြောင်းပြန် ကြားလာပါသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

တွဲကားဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

 ၂။      မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားကုမ္ပဏီတစ်ခုထံမှ Dong Feng တွဲကား (၂)စီးအား ကုမ္ပဏီသတ်မှတ်ဈေး တစ်စီးလျှင် USD 43000 ဖြင့် ဝယ်ယူခဲ့ရာ တွဲကား (၂)စီးအတွက် သတ်မှတ် ထားသော စရံငွေ USD 6700 (ကျပ် သိန်း ၂၀၀)အား ပေးအပ်ခဲ့ပြီး(၃)လအတွင်း ကား အပ်နှံမည်ဟုပြောသော်လည်း လ(၃၀)ကျော် အကြာတွင် (၁)စီးလျှင် USD 55000 ပေးရမည်ဖြစ် ကြောင်း ပြောကြားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ် တိုင်လာရောက်  တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကားကုမ္ပဏီသို့ ဆက်သွယ်အကြောင်းကြားခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် သွင်းကုန်မူဝါဒ အပြောင်းအလဲကြောင့် USD 43000 မှ USD 55000 သို့ ဈေးနှုန်းပြောင်းလဲ ရောင်းချခြင်းဖြစ်ကြောင်း တင်ပြချက်အရ ကုမ္ပဏီသည် (၁၀-၆-၂၀၂၃)မှ (၃၁-၁-၂၀၂၆) အတွင်း တွဲကားများတင်သွင်းခြင်း ရှိ/မရှိ စိစစ်ပေးနိုင်ရန် ပို့ကုန်သွင်းကုန်ရုံး၊ မန္တလေးသို့ အကြောင်းကြားစစ်ဆေးခဲ့ရာ သွင်းကုန်လိုင်စင် (၁၉၁)စောင်၊ အစီးရေ (၇၅၁)စီးခွင့်ပြုထုတ်ပေးကြောင်း အကြောင်းပြန်ကြားချက်အရ ဌာနမှ ခေါ်ယူ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တွဲကား(၂)စီး ဝယ်ယူထားသည့် တိုင်ကြားသူအား စရံငွေ ကျပ် သိန်း (၂၀၀)+ နစ်နာမှုအတွက် (၃၃၆)သိန်း၊ စုစုပေါင်း (၅၃၆)သိန်းကို ပေးလျော်ခဲ့သည့်အတွက်  တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ပုံစံ(၉)တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားသော်လည်း လုပ်ငန်းရှင်သည် စားသုံးသူကာကွယ် ရေးဥပဒေပုဒ်မ ၂၁(စ)နှင့် (ဇ)တို့အား ဖောက်ဖျက်ကျူးလွန်သဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ကစားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ “သတိပေးခြင်း” ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး အမှု ပိတ်သိမ်းမှတ်တမ်းတင် ဆောင်ရွက်ခဲ့ပါသည်။

 

အာမခံကုမ္ပဏီ၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

၁။       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နေ တိုင်ကြားသူသည် ၎င်းပိုင်ဆိုင်သော မော်တော်ယာဉ် အား ပြည်မြို့ရှိ အာမခံကုမ္ပဏီရုံးခွဲတွင် မော်တော်ယာဉ်အား အာမခံထားရှိခဲ့ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် အတွက် အာမခံထားရှိသောကုမ္ပဏီသို့ အကြောင်းကြား ခဲ့ရာ နစ်နာဆုံးရှုံးမှုအတွက် မော်တော်ယာဉ် အာမခံ လျော်ကြေးငွေအား ကုမ္ပဏီက ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့  စာဖြင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍   ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အာမခံကုမ္ပဏီတို့အား တိုင်းဒေသကြီးဦးစီး မှူးရုံးသို့ ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ကုမ္ပဏီ၏ အာမခံပေါ်လစီနှင့်မညီညွတ် ဟူ၍ တိုင်ကြားသူထံသို့ မော်တော်ယာဉ်အာမခံ လျော်ကြေးငွေအား ပြန်လည်ပေးလျော်ခြင်း မရှိသည့် အတွက် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၆)တွင် အမှာစာဖြင့် တင်ပြခဲ့ရာ ကုမ္ပဏီအနေဖြင့် မော်တော်ယာဉ် ပျက်စီးဆုံးရှုံးသည့် ယာဉ်ပြင်ဆင်စရိတ် ကျသင့်တန်ဖိုး ငွေကျပ်(၁၄၆)သိန်းခန့် အပေါ် သင့်တင့်မျှတသည့် အာမခံလျော်ကြေးငွေအား တိုင်ကြားသူထံသို့ အမြန်ဆုံးပေးလျော်သင့်ပါကြောင်း ဆုံးဖြတ်ချက်အရ တိုင်ကြားသူ၏ မော်တော်ယာဉ် ပျက်စီးဆုံးရှုံး သည့် ယာဉ်ပြင်ဆင်စရိတ် (၁၄၆) သိန်းခန့် ကုန်ကျထားမှုအပေါ် ၃ ပုံ ၂ ပုံ ခန့်ပြန်လည်ပေးချေနိုင် ရေးဆောင်ရွက်ပေးနိုင်ပါရန် ကုမ္ပဏီသို့ ညှိနှိုင်းအကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ကုမ္ပဏီက အာမခံပေါ်လစီ စည်းကမ်းချက်နှင့် မညီညွတ်သဖြင့်လျော်ကြေးအား ဆောင်ရွက်ပေးခဲ့ခြင်းမရှိသော် လည်း ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းစားသုံးသူရေးရာဦးစီးဌာန၏ ညှိနှိုင်းပေး မှုအား လေးစားသောအားဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်ကတည်းက ကားအာမခံထားရှိခဲ့သော customer အား တန်ဖိုးထားခြင်းနှင့် ဆုံးရှုံးမှုအား လူမှုရေးအရ စာနာထောက်ထားမှုများကြောင့် လျော်ကြေးအား ပေါ်လစီစည်းကမ်း ချက်နှင့်အညီ မေတ္တာရှိလျော်ကြေးဖြင့် ငွေကျပ် ၄,၀၀၀,၀၀၀/-နှင့် ယာဉ်ပေါ် လိုက်ပါစီးနင်းသူ တိုင်ကြားသူ၏ ဒဏ်ရာရရှိမှုအတွက် ပေါ်လစီစည်းကမ်းချက်ပါ  လျော်ကြေးအတိုင်း ငွေကျပ် ၃၂၀,၀၀၀/-၊ စုစုပေါင်းငွေကျပ် ၄,၃၂၀,၀၀၀/- (ကျပ်လေးဆယ့်သုံးသိန်း နှစ်သောင်းတိတိ)ကို ပေးလျော်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားလာပါသည်။ တိုင်ကြားသူ မှ သဘောတူညီမှုရရှိသဖြင့် ကုမ္ပဏီမှ နစ်နာကြေး ငွေကျပ် ၄,၃၂၀,၀၀၀/- (ကျပ်လေးဆယ့်သုံးသိန်း နှစ်သောင်းတိတိ) အား တိုင်ကြားသူထံသို့ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် ပေးလျော်ခဲ့ပြီး သဘောတူညီမှုပုံစံတွင် လက်မှတ်ရေးထိုး၍ နှစ်ဦးနှစ်ဖက် ကျေနပ်မှု ရရှိသဖြင့် တိုင် ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ