ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဘုရင့်နောင်ကားဝန်းရှိ ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှတစ်ဆင့် ဆိုလာပြား(၂၂)ချပ်အား ကျောက်ပန်းတောင်းမြို့သို့ တင်ပို့ရာတွင် ဆိုလာပြား (၇)ချပ်မှာ သုံးစွဲ၍ မရ နိုင်သည်အထိ ပျက်စီးသွားသဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ၁၁-၆-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူတို့အား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရာ ဂိတ်မှူးက မိမိတို့ ဂိတ်သို့ ဆိုလာပြားများ လာရောက်အပ်နှံရာတွင် ဆိုလာတစ်ချပ်လျှင် တန်ဆာခငွေကျပ် ၇,၅၀၀/-ဖြင့် မိမိ ကိုယ်တိုင် စစ်ဆေးပြီးယူခဲ့ကြောင်း၊ အပျက်အစီးမရှိပါကြောင်း၊ ကားပေါ်တင်ချိန်တွင် မိမိဂိတ်မှ အလုပ်သမားပေါ့ဆမှုကြောင့် (၁)ချပ်ကွဲသွားပါကြောင်း၊ ၁၂-၄-၂၀၂၄ရက်နေ့တွင် ကျောက်ပန်းတောင်း ဂိတ်သို့ ရောက်ချိန်တွင် (၁)ချပ်ထပ်မံ၍ကွဲသွားပါကြောင်း၊ နောက်(၅)ရက်အကြာတွင် ထပ်မံ၍ ဆိုလာပြား (၅)ချပ်ကွဲကြောင်းပြောကြားသဖြင့် ကားပေါ်မှချစဉ်တွင် မိမိတို့အနေဖြင့် စစ်ဆေးယူထားသောကြောင့် ပေါက်ဈေးအတိုင်း အလျော်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားရာ တိုင်ကြားသူမှ ဆိုလာပြားတစ်ချပ်၏ ပေါက်ဈေးမှာ ငွေကျပ် ၄၅၀,၀၀၀/-ရှိကြောင်း၊ (၂)ချပ်အတွက် လျော်ပေးမည် ဆိုပါကလည်း လက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ၁၉-၆-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသည့် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူက တိုင်ကြားသူ၏ Kpay account ထံသို့ ငွေကျပ် ၉၀၀,၀၀၀/-ကို လွှဲပြောင်းပေးခဲ့ရာ တိုင်ကြားသူက လက်ခံရရှိကြောင်းနှင့် ကျေနပ်မှုရှိကြောင်း ဌာနသို့  အကြောင်းကြားလာသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

အာမခံကုမ္ပဏီဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အာမခံကုမ္ပဏီတစ်ခုထံတွင် ပရီမီ ယံကြေး ၃၄၃,၇၃၀/-ကျပ်ဖြင့် ကားအာမခံထားခဲ့ပြီး အသေး စားကားမတော်တဆမှု ဖြစ်ပွားသည့်အတွက် ပြုပြင် စရိတ် ၁၅၀,၀၀၀/-ကျပ်ကို အာမခံလျော်ကြေး ထုတ်ယူရာတွင် (၂)ပတ်အတွင်း ထုတ်ယူနိုင်ကြောင်း ကြော်ငြာထားသော်လည်း (၂)လကျော်ကြာမှ ရရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏  Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။ 

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။      တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက အာမခံကုမ္ပဏီသို့  အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ကုမ္ပဏီမှ မန္တလေးရုံးခွဲ၏ Viber သို့ Partner Channel မှတဆင့် ၂၇-၂-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူ ပေးပို့ထားသော ငွေကျပ် ၂၀၀,၀၀၀/- ပြေစာအား အင်တာနက်လိုင်းမကောင်းသဖြင့် မတွေ့ရှိခဲ့ကြောင်း၊  ၈-၄-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူက ဖုန်းဖြင့်ဆက်သွယ်လာချိန်မှသာ ပြေစာပေးပို့ထားကြောင်း သိရှိခဲ့ရပြီး သင်္ကြန်ရုံးပိတ်ရက်ရှည် များကြောင့် ၂၅-၄-၂၀၂၄ ရက်နေ့တွင် ရုံးချုပ် Claims Department သို့ လျော်ကြေးတင်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း၊  ၃-၅-၂၀၂၄ ရက်နေ့တွင် လျော်ကြေးပေးလျော်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး မန္တလေးရုံး ခွဲမှ တိုင်ကြားသူထံသို့ ၅၀,၀၀၀/- ကျပ် ဖြတ်တောက်၍ ငွေကျပ် ၁၅၀,၀၀၀/- အား ပေးလျော်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြလာခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်ရှင်းလင်းခဲ့ရာ တိုင်ကြားသူမှ ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

စတိုးဆိုင်၏ လုံခြုံရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် မိတ္ထီလာမြို့၊  ကျီတော်ကုန်းရပ်ရှိ စူပါစတိုးဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ရာ ဆိုင်ရှေ့တွင် ကားရပ်နားရန် နေရာမရှိသောကြောင့် စတိုးဆိုင်မှ ခန့်ထားသော လုံခြုံရေးဝန်ထမ်းများမှ ကားရပ်နားရန် အဆင်ပြေနိုင်မည့် စတိုးဆိုင်နှင့် ကပ်လျက်ရှိ အသေးစားအလတ်စား ချေးငွေဘဏ်ရှေ့သို့ ကားရပ် ခိုင်းခဲ့သည့်အတွက် ကားရပ်နားခဲ့ပြီး စတိုးဆိုင်အတွင်းသို့ ဝင်ရောက်၍ လိုအပ်သော ပစ္စည်းများဝယ်ယူပြီး မိနစ်(၃၀)အကြာ ကားသို့ပြန်ရောက်ချိန်တွင် ကားအတွင်းရှိ ငွေကျပ် ၁,၄၄၃,၆၀၀/-တန်ဖိုးရှိ ပစ္စည်းများအား ကားမှန်ကိုခွဲ၍ ယူဆောင်ခြင်းခံရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများကစိစစ်ရာတွင် ဖြစ်စဉ်မှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော ပြစ်မှုဆိုင်ရာ ပစ္စည်းဖောက် ထွင်းမှုဖြစ်ခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာ ညွှန်ကြားချက်အမှတ် (၂/၂၀၂၂) အပိုဒ် ၃၉ အရ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော အခြားပြစ်မှုတစ်ရပ်ရပ်ဖြင့် ငြိစွန်းနေသဖြင့် တိုင်ကြားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး အမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြန်ကြားပေးနိုင်ပါရန် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်နေကြောင်းနှင့် တရားခံအားဖမ်းဆီးရမိပါက ဥပဒေနှင့်အညီတရားစွဲဆိုတင်ပို့သွားမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသည့်အတွက် ညွှန်ကြားချက်အမှတ်(၂/၂၀၂၂) အပိုဒ် ၃၉ အရ    အမှုတွဲအား စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

ဝန်ဆောင်မှုနှင့်ပတ်သက်၍တိုင်ကြားလာခြင်း

    (၁၁.၆.၂၀၂၄)ရက်နေ့တွင် စလင်းမြို့နေ xxxxxx ပါ (၃)ဦးသည် စလင်းမြို့မှမကွေးမြို့သို့သွားရန်အတွက် xxxxxx ဂိတ်၊ ဂိတ်မှူးတာဝန်ခံ xxxxxx ထံမှ ကားလက်မှတ်ဝယ်ယူခဲ့ကြောင်း၊ စလင်း-မကွေး ပုံမှန်ယာဉ်စီးခနှုန်းထားမှာ (၁)ဦးလျှင် ကျပ်(၈၀၀၀)သာ ကျသင့်ရမည်ဖြစ်သော်လည်း ကျပ်(၁၅၀၀၀)နှုန်းဖြင့် လူ(၃)ဦးစာ စုစုပေါင်းငွေကျပ်(၄၅၀၀၀)ပေးချေခဲ့ရ၍ ယာဉ်စီးခအဆမတန်ပေးချေခဲ့ရမှုအပေါ်  စိတ်ကျေနပ်မှုမရှိပါသဖြင့် (၁၃.၆.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့  xxxxxx မှ တိုင်ကြားလာပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူနစ်နာဆုံးရှုံမှုရှိ /မရှိစိစစ်ခဲ့ပါသည်။ (၁၄.၆.၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသည့် xxxxxx ကားဂိတ်(ဂိတ်တာဝန်ခံ) မင်းဘူးမြို့၊ တိုင်းကြားသူ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲ ရေးကော်မတီတို့မှ တာဝန်ရှိသူများသို့ တိုင်ကြားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းနိုင်ရေး အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ (၁၇.၆.၂၀၂၄)ရက်နေ့ တွေ့ဆုံညှိနှိုင်းမှုအရ ဌာနတာဝန်ရှိသူမှတိုင်ကြားခံ ရသည့် ဂိတ်ဘက်မှ ခရီးသည်များအပေါ် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းအတွက် တိုင်ကြားသူ စိတ်ကျေနပ်မှုရရှိသည်အထိ တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် ပြေစာဖြတ်ပိုင်းပေါ်တွင်လည်း ကျသင့်ငွေအား ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ရာ ဂိတ်တာဝန်ရှိသူမှ တိုင်ကြားသူ နစ်နာဆုံးရှုံးခဲ့သော ငွေကျပ်(၁၁၀၀၀)အားပေး လျော်မည်ဖြစ်ပါကြောင်းနှင့် ခံဝန်ကတိတွင်လည်း လက်မှတ်ရေးထိုးပါမည် ဖြစ်ပါကြောင်း ပြောကြား လာပါသည်။ ဌာနမှတိုင်ကြားခံရသည့် xxxxxx ဂိတ်တာဝန်ရှိသူအား ခရီးစဉ်အလိုက် သတ်မှတ် ဈေးနှုန်းများအား ကားလက်မှတ်ဖြတ်ပိုင်းများတွင် ထည့်သွင်းဖော်ပြ၍ ရောင်းချပေးရန်နှင့် ခရီးသည်များအား မချေမငံဆက်ဆံခြင်းမျိုးများမပြုလုပ်ရန်၊ နောက်နောင်တွင်လည်း ခရီးသည်များအပေါ်တွင် သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့သဖြင့် တိုင်ကြားသူမှ စိတ်ကျေနပ်မှုရရှိကာ အမှုအားပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)

 

တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှု အခြေအနေ

   ရှမ်းပြည်နယ်မှ တိုင်ကြားသူတစ်ဦးသည် XXX တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေးမှတစ်ဆင့် တရုတ်ပြည်ရှိ ကုန်သည်ထံ သို့ ငွေပေးချေ၍ ဝယ်ယူထားသောပစ္စည်းများ မရောက်လာဘဲ ပျောက်ဆုံးသွားခြင်းအပေါ်ပစ္စည်းတန်ဖိုး အပြည့်ပေးလျော်ရန် ငြင်းဆိုနေသောကြောင့် တိုင်ကြားခြင်း။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် XXX တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေးသို့ ဆက်သွယ်စုံစမ်းမေးမြန်းရာ ပစ္စည်းပျောက်ဆုံး သွားသည်မှာ မှန်ကန်ကြောင်းနှင့် တိုင်ကြားစာပါ ပစ္စည်းတန်ဖိုးသည် ယွမ် (၄၉၀) မဟုတ်ဘဲ ယွမ်(၁၀၀)သာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဌာနအနေဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (က)ကို ဖောက်ဖျက်သည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄) အရ လွှဲအပ်ထား သော အခွင့်အာဏာကိုကျင့်သုံး၍ တိုင်ကြားခံရသည့်ကုမ္ပဏီအား စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၅၂)၊ ပုဒ်မခွဲ(ဃ)အရ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း အမိန့်ကို ချမှတ် ခဲ့ပါသည်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်မှ   စားသုံးသူနစ်နာဆုံးရှုံးမှုအပေါ် ယွမ်(၁၀၀) နှင့် ညီမျှသော မြန်မာငွေကျပ် ၅၀,၅၀၀/-အား တိုင်ကြားသူထံ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ မှလည်း ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

လုံခြုံရေးကုမ္ပဏီဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် မန္တလေးမြို့ရှိ GYM တစ်ခုသို့ သွားရောက်ခဲ့ရာ တာဝန်ချထားသည့် လုံခြုံရေးဝန်ထမ်းမှ ကားရပ်နားရန် ပြသသည့်နေရာတွင် တိုင်ကြားသူ၏ ကားကိုရပ်နားခဲ့ပြီး အပြင်သို့ ခေတ္တသွားပြီး ပြန်လာချိန်တွင် ကားရှေ့ပိုင်း ပျက်စီးနေပါသဖြင့် ပြောကြားရာ လုံခြုံရေးကုမ္ပဏီမှ တာဝန်ယူမှုမရှိပါသဖြင့် တိုင်ကြားခြင်း။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက လုံခြုံရေးကုမ္ပဏီမှ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ လုံခြုံရေးကုမ္ပဏီမှ တာဝန် ရှိသူများက တိုင်ကြားသူသွားရောက်ခဲ့သည့် XXX Gym အဆောက်အဦ၏ ဧရိယာအတွင်းအထိ တာဝန်ယူထားပါကြောင်း၊တိုင်ကြားသူအနေဖြင့်၎င်း၏ကားအား ကန့်သတ်ဧရိယာကျော်လွန်၍ ရပ်နားထားခဲ့ပါကြောင်း၊ မိမိတို့လုံခြုံရေး ဝန်ထမ်းရေချိုးနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ကားထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်၍ XXX Gym နှင့် လုံခြုံရေးကုမ္ပဏီတို့မှ ကားပြင်ဆင်ကုန်ကျစရိတ် တစ်ဝက်ခန့်ဖြစ်သည့် ငွေကျပ် ၁၅၀,၀၀၀/- ကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ညှိနှိုင်းရရှိခဲ့ပြီး တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်မှ တိုင်ကြားသူသို့ KBZ Pay ဖြင့် ငွေကျပ် ၁၅၀,၀၀၀/- ကို လွှဲပေးခဲ့ရာ တိုင်ကြားသူမှ ငွေလက်ခံ ရရှိခဲ့ပြီး ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

 

ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

    မကွေးမြို့ XXXXXX ရပ်၊ XXXXXX လမ်းတွင်နေထိုင်သော ဦး XXXXXX သည် (၁၁.၅.၂၀၂၄)ရက်နေ့တွင် XXXXXX မြို့မှ XXXXXX မြို့သို့ XXXXXX ယာဉ်လိုင်းဖြင့်  Redmi 13 C ကျပ်(၄၃၉၀၀ဝိ/-) တန်ဘိုးရှိ ပါဆယ်ထုပ်အား တန်ဆာခပေး၍ ပေးပို့ခဲ့ကြောင်း၊ ပါဆယ်ထုပ်ရောက်ရှိချိန်၌ သွားရောက်ထုတ် ယူရာတွင် အခြားတစ်ဦးမှ ထုတ်ယူသွားပြီးဖြစ်ကြောင်း ပြောကြားလာသည့်အတွက် ပါဆယ်ထုပ် ပျောက်ဆုံးမှုအပေါ် တာဝန်ယူမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြား လာပါသည်။

    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ် လက်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ (၂၈.၅.၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသည့် XXXXXX ယာဉ်လိုင်းမှ တာဝန်ရှိသူ၊ တိုင်ကြားသူ၊ သက်ဆိုင်ရာဌာနများဖြစ်သော ပို့ဆောင်ရေးစီမံကိန်း၊ မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများအား တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းနိုင်ရေး အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ ညှိနှိုင်းဖြေရှင်းခဲ့မှုအရ (၃၁.၅.၂၀၂၄)ရက်နေ့ တွင် တိုင်ကြားခံရသည့် XXXXXX ယာဉ်လိုင်းမှ ပါဆယ်ထုပ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ငွေကျပ် (၃၀၀၀၀ဝိ/)ပေးလျော်လာသဖြင့် တိုင်ကြားသူမှ စိတ်ကျေနပ်မှုရရှိကာ အမှုအား ပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)

 

 

အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

    မကွေးတိုင်းဒေသကြီး၊ XXXXXX မြို့နေ ဦးXXXXXX သည် အွန်လိုင်းမှတစ်ဆင့် ပဲခူးမြို့၊ ရွှေမောဓောဘုရားအနီးရှိ XXXXXX အမည်ဖြင့် မီနီအိုးဝေ ရောင်းဝယ်ရေးဆိုင်မှ သုံးဘီးတစ်စီးအားမှာယူခဲ့ရာ စရံငွေ(၃)သိန်းကျပ်အား Wave Money ဖြင့် (၁၅.၁.၂၀၂၄)ရက်နေ့တွင် ငွေလွှဲပေးပို့ခဲ့ကြောင်း၊ ငွေလွှဲပြီး (၁)နာရီအကြာတွင် ဖုန်းနံပါတ် XXXXXX ဖြင့် XXXXXX  မှဟုဆိုကာ ဦး XXXXXX မှ XXXXXX မြို့သို့ ပို့ဆောင်ပေးရမည့် သုံးဘီးအား ကားပေါ်သို့ တင်ပေးပြီးဖြစ်ကြောင်း၊ တန်ဆာခပေးချေ ထားသည့် ချလံအား ပေးပို့လာကာ ကျန်ရှိနေသော ငွေကျပ်(၂၆)သိန်းအား ထပ်မံပေးပို့ပေးပါရန် တောင်းဆိုလာပါ သဖြင့် ငွေကျပ်(၂၆)သိန်းအား Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ကြောင်း၊ ကားရောက်ရှိရမည့်အချိန်တွင် ဆက်သွယ်လာခြင်းမရှိပါသဖြင့် ဦး XXXXXX အား ဆက်သွယ်ရာတွင် ၎င်း၏ဖုန်းအား block သွားသောကြောင့် ငွေထုတ်ယူရာ နေရာသို့သိရှိနိုင်ရန် Wave Call Center သို့ ဆက်သွယ်မေးမြန်းခဲ့ရာ မန္တလေးမြို့၊ XXXXXX မြို့နယ်၊  XXXXXX လမ်းကြား၊ XXXXXX စားသောက်ဆိုင်မှ ထုတ်ယူသွားကြောင်း သိရှိရသည့်အတွက် ထိုကဲ့သို့သော လိမ်လည်ခံရသည့် ဖြစ်စဉ်မျိုး ထပ်မံပေါ်ပေါက်မလာစေရန် (၉.၄.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံးသို့ ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားလာပါသည်။

    တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်လက်ခံခြင်းများဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားသူ ပေးပို့ခဲ့သည့် လိပ်စာဖြစ်သော ပဲခူးမြို့ ရွှေမောဓော ဘုရားအနီးတွင် XXXXXX   အမည်ဖြင့် သုံးဘီး ရောင်းဝယ်သည့်ဆိုင် မြေပြင်နေရာတွင် ရှိ/မရှိနှင့် XXXXXX   ဂိတ်အနေဖြင့် (၁၅.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးမှ တောင်တွင်းကြီး မြို့သို့ သုံးဘီးတင်ပို့မှု ရှိ/မရှိ စုံစမ်းပေးနိုင်ပါရန် ညှိနှိုင်းစာပေးပို့ခဲ့ရာ ပဲခူးမြို့ ရွှေမောဓောဘုရားအနီးတွင် XXXXXX   အမည်ဖြင့် သုံးဘီးရောင်းဝယ်သည့်ဆိုင်မရှိပါကြောင်းနှင့် သုံးဘီး တင်ပို့ခဲ့သည့် XXXXXX   အမည်ဖြင့် ဂိတ်မှာလည်း ဖွင့်လှစ်ထားခြင်းမရှိပါကြောင်း ပြန်ကြားလာပါသည်။

    (၂၆.၄.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ လိမ်လည်သူ ငွေထုတ်ယူခဲ့သော မန္တလေးမြို့၊ XXXXXX လမ်းကြားရှိ XXXXXX စားသောက်ဆိုင်အား တိုင်ကြားမှု နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေးနိုင်ရေး ညှိနှိုင်းစာပေးပို့ခဲ့ရာ မြေပြင်ကွင်းဆင်းခဲ့မှုအရ ၎င်းစားသောက် ဆိုင်မှာ မရှိပါကြောင်း ပြန်ကြား လာပါသည်။

    ဌာနမှ (၂၀.၅.၂၀၂၄)ရက်နေ့တွင် တိုင်ကြားသူထံဆက်သွယ်၍ တိုင်ကြားစာပါ စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေသည့် လိပ်စာသို့ သွားရောက်စုံစမ်းရာတွင် တိုင်ကြားခံရသည့် စီးပွားရေး လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား မတွေ့ရှိရပါသဖြင့် အမှုအား ပိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းမှတ်ပုံတင်မရှိပါက အွန်လိုင်းမှတစ်ဆင့် ဝယ်ယူအသုံးမပြုသင့်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှလည်း အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြု မည်ဆိုပါက မှတ်ပုံတင်လက်မှတ်ရရှိပြီးသော လုပ်ငန်းရှင်များမှတစ်ဆင့်သာ ဝယ်ယူအသုံးပြုသင့် ကြောင်း သတိပြုဆင်ခြင်ဖွယ်တို့ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်ကြားသူမှလည်း စိတ်ကျေနပ် မှုရရှိသဖြင့် အမှုအားပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့၊ Online Shoping ဝယ်ယူခြင်းနှင့်ပတ်သက်၍ Website မှတိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတကာအလေ့အကျင့်များအရ စားသုံးသူ၏နစ်နာဆုံးရုံးမှုများကို အရေးဆိုတိုင်ကြားနိုင်ရန်၊ အာဆီယံ Guide Line အရတိုင်ကြားမှုများကို လက်ခံဖြေရှင်းနိုင်ရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်၊ စားသုံးသူ၏နစ်နာမှုများအားအချိန်တိုအတွင်းကုစားဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်များနှင့်ခရိုင်များတွင်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းစားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဝယ်ယူသုံးစွဲသည့်ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်၍ တိုင်ကြားလာမှုများအား အချိန်နှင့်တပြေးညီ လျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာမုံရွာမြို့နေ စားသုံးသူက ကလေးခရိုင် တမူးချည်ထည်နှင့် အန္ဒိယမုန့်မျိုးစုံ လက်ကားဖြန့်ဖြူရေး (တမူးမြို့)မှ စွပ်ကျယ်ရောင်စုံ(၆)ထည်အား (၁)ထည်လျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၃၀၀၀၀)ကျပ်ကို Online မှဝယ်ယူခဲ့ရာ မူလမှာယူသည့်ပစ္စည်းမဟုတ်ဘဲ လွဲမှားပို့ဆောင်ခြင်းကြောင့်  ပြောင်းလဲရောင်းချပေးခဲ့မှုအပေါ်  ကျေနပ်မှုမရှိပါသဖြင့် အထည်ဖိုးငွေပြန်လည်ရယူလိုကြောင်း စားသုံးသူရေးရာဦးစီးဌာန Website မှတစ်ဆင့်တိုင်ကြားလာခဲ့ပါသည်။ တိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ ရောင်းချသူ တမူးချည်ထည်နှင့် အိန္ဒိယမုန့်မျိုးစုံလက်ကားဖြန့်ဖြူးရေး ဆိုင်ပိုင်ရှင်အား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းပြီး တိုင်ကြားသူဝယ်ယူသော အထည်ပစ္စည်းမှားပို့သည်မှာ မှန်ကန်ပါကြောင်းနှင့် အထည်ဖိုးငွေကြေးကို တိုင်ကြားသူကျေနပ်မှု ရှိစေရန်တာဝန်ယူ၍  KBZ Pay ဖြင့် ငွေပြန်လည်ဖြည့်သွင်းပေးခဲ့ပြီး ဝယ်သူတိုင်ကြားသူဘက်မှလဲအထည်များကို Delivery ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ရာ နှစ်ဦးနှစ်ဖက်ကျေနပ်ပြေလည်သွားပြီး  အမှုအားပိတ်သိမ်း၍ နှစ်ဦးသဘောတူညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ Website မှတိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတကာအလေ့အကျင့်များအရ စားသုံးသူ၏နစ်နာဆုံးရုံးမှုများကိုအရေးဆိုတိုင်ကြားနိုင်ရန်၊ အာဆီယံ Guide Line အရ တိုင်ကြားမှုများကိုလက်ခံဖြေရှင်းနိုင်ရန်၊ စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်ရန်၊ စားသုံးသူ၏နစ်နာမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များဖွင့်လှစ်၍ဆောင်ရွက်ခဲ့ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဝယ်ယူသုံးစွဲသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်၍ တိုင်ကြားလာမှုများအား အချိန်နှင့်တပြေးညီ လျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နေ စားသုံးသူတစ်ဦးမှာ  ATOM Myanmar Limited ဝန်ဆောင်မှုအပေါ်  ကျေနပ်မှုမရှိပါသဖြင့် ငွေပြန်လည်ရယူလိုကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ Website မှတစ်ဆင့် တိုင်ကြားလာမှုကိုဖြေရှင်းဆောင်ရွက်ရာ စားသုံးသူတိုင်ကြားရာတွင် ဖော်ပြထားသော လိပ်စာ၊ ဖုန်းနံပါတ်အားဆက်သွယ်မေးမြန်ခဲ့ရာ Myanmar Limited ဘက်မှ တာဝန်ရှိသူက ဖြတ်တောက်သွားသောငွေကြေးအား တိုင်ကြားသူ၏ဖုန်းထဲတွင် T0p Up ဖြင့် ငွေပြန်လည်ဖြည့်သွင်းပေးခဲ့ပြီး စားသုံးသူနစ်နာသော ငွေကြေးရယူလိုမှုအပေါ် တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ကျေနပ်မှုရှိပါသဖြင့် အမှုအားပိတ်သိမ်း၍ နှစ်ဦးသဘောတူ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ