ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ဆက်သွယ်ရေးအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးက “ * * * ” အင်တာနက်ဝန်ဆောင်မှုအား ဝယ်ယူအသုံးပြုနေပြီး ၉-၅-၂၀၂၂ ရက်နေ့တွင် အင်တာနက် လိုင်းပြတ်တောက်သွားသဖြင့် “ * * * ”  Customer Service သို့ ပြုပြင်ပေးရန် အကြောင်း ကြားသော်လည်း ပြင်ဆင်ပေးခြင်းမရှိသောကြောင့် တိုင်ကြားလာမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးမှ တာဝန်ရှိသူများက “ * * * ” သို့ အကြောင်းကြား ဆောင်ရွက်ခဲ့ရာ “ * * * ” Operation Center က တိုင်ကြားသူ၏ အင်တာနက်လိုင်းအား စစ်ဆေးပေးခဲ့ပါကြောင်း၊ တိုင်ကြားသူအိမ်အနီး တပ်ဆင်ထားသော “ * * * ”  Wifi ပုံးမှာ Site Down ဖြစ်နေ၍ အင်တာနက်လိုင်း ပြတ်တောက်နေခြင်းကို သက်ဆိုင်ရာ အင်ဂျင်နီယာများမှ သွားရောက် စစ်ဆေးပြီး ပြုပြင်ပေးခဲ့ကြောင်း၊ မေလအတွင်း အင်တာနက်လိုင်း အသုံးမပြုရခြင်းအတွက် လည်း ၅၀ % လျှော့ပေးမည်ဖြစ်ကြောင်းတို့ကို တိုင်ကြားသူအား ရှင်းပြခဲ့ရာ လက်ခံ သဘောတူပြီး လက်ရှိတွင်အင်တာနက်လိုင်းအား ကောင်းမွန်စွာအသုံးပြုနေပြီဖြစ်ကြောင်းကို  ၁၀-၅-၂၀၂၂ ရက်နေ့တွင် အကြောင်းပြန်ကြားလာသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူသို့ ဆက်သွယ်မေးမြန်းရာ ကျေနပ်မှုရှိသည့်အတွက် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ

            မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးက “ * * * ” Software ပျက်သွားသဖြင့် ပြန်ထည့်၍ Account ထဲသို့ ပြန်ဝင်ရာတွင် OTP Code အကြိမ်ကြိမ် တောင်းခံသော်လည်း OTP Code ကျလာခြင်းမရှိဘဲ Account Lock ကျသွား ကြောင်း၊ ယင်း Account ငွေကျပ် ၂ဝဝဝဝိ/- ရှိသည့်အတွက် Operator သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုင်ကြားလာမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “ * * * ”သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ “ * * * ” က တိုင်ကြားသူသည် “ * * * ” Software အား ပြန်ထည့်၍ Account ထဲသို့ ပြန်ဝင်ရာတွင် OTP Code အား သတ်မှတ်ချိန်အတွင်း ပြန်လည်ရိုက်ထည့် နိုင်ခြင်းမရှိဘဲ (၃) ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့သည့်အတွက် System မှ စာရင်းအား ယာယီ ပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၅-၆-၂၀၂၂ ရက်နေ့တွင် “ * * * ” Call Center Operator က တိုင်ကြားသူထံ ဆက်သွယ်၍ Mobile Phone စာရင်းပိုင်ရှင်မှန်ကန်ကြောင်း အတည်ပြုမှု လုပ်ငန်းစဉ်များအား ဆောင်ရွက်ပြီး မှန်ကန်မှုရှိသည့်အတွက် Account အား ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။

ရမည်သင်းခရိုင်အတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုအား ဖြေရှင်းဆောင်ရွက်ပေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍သော်လည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာသည့် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ရုံးတွင် CCTV(၄)လုံးအား မိတ္ထီလာမြို့ရှိ CCTV အရောင်းဆိုင်မှ လုပ်ငန်းရှင်ကိုယ်တိုင် တာဝန်ယူလာရောက်တပ်ဆင်ပေးခဲ့ပြီး (၃)လဖမ်းယူကြည့်ရှုနိုင်ခဲ့ပြီး (၁/၂၀၂၂)လမှစတင်၍ ဖမ်းယူကြည့်ရှုမရပါသဖြင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခေါ်ယူခဲ့ရာ လုပ်ငန်းရှင်မှရက်ချိန်းများပေးပြီး လာရောက်ပြုပြင်ပေးမှုမရှိခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် CCTV(၃)လုံးအား (၁.၃.၂၀၂၂)ရက်နေ့တွင် ၎င်းဆိုင်မှပင်တာဝန်ယူ၍ လာရောက်တပ်ဆင်ခဲ့ပြီး CCTV (၁)လုံးမှာ Error ဖြစ်နေပါသဖြင့် တပ်ဆင်ပြီး (၃)ရက်အကြာ(၄.၃.၂၀၂၂)ရက်နေ့တွင် တာဝန်ယူတပ်ဆင်ခဲ့သော လုပ်ငန်းရှင်အား တယ်လီဖုန်းဖြင့်ဆက်သွယ်၍ အကျိုးအကြောင်းပြောကြားခဲ့ရာ တစ်ပတ်အတွင်း လာရောက်ပြုပြင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လာရောက်ပြုပြင်ပေးခြင်း မရှိသည့်ကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းရှင်အား ဆက်သွယ်၍ ဖြေရှင်းခဲ့ရာ လုပ်ငန်းရှင်မှ နေ့ချင်းပြီးသွားရောက်ပြင်ဆင်ပေးခဲ့ကြောင်းနှင့် စားသုံးသူအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးမှုအား စိတ်ကျေနပ်မှု အပြည့်အဝရရှိသည့်အတွက် တိုင်ကြားထားသည့်အမှုအား အမှုပိတ်သိမ်းပေးရန် တင်ပြခဲ့ကြောင်းသိရှိရပါသည်။ မိတ္ထီလာခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးအနေဖြင့် နေ့စဉ်ဖွင့်လှစ်၍ တိုင်ကြားမှုများအား နေ့စဉ်လက်ခံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မျက်မှန်ကိုင်းကို မှန်အသစ်လဲသည့်ကိစ္စ တိုင်ကြားမှုအား စိစစ်ဆောင်ရွက်ခြင်း

                    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ၊ မုံရွာမြို့သို့ မျက်မှန်ကိုင်းအဟောင်းကို မှန်အသစ်လဲရာတွင် အဆင်မပြေခြင်းကိစ္စတိုင်ကြားလာပါသည်။ မှန်အသစ်ဖိုးငွေကျပ် (၁၈၀၀၀) ပေးချေထားပြီးချိန်းဆိုထားသည့်ရက်တွင် ဆိုင်သို့သွားရွေးရာ မျက်မှန်ကိုင်းအဟောင်းကြောင့် ပါဝါထည့်သွေးထားသည့် မှန်(၁)စုံကွဲသွားသဖြင့် မျက်မှန်ကိုင်းအသစ်ကို ရွေးချယ်ဝယ်ယူပါ၊ မှန်ဖိုးငွေထပ်ပေးရန် မလိုပါဟုပြောဆိုရာအပ်နှံထားခဲ့သည့်အတိုင်း မရရှိသဖြင့် တိုင်ကြားခြင်း ဖြစ်ပါသည်။ ဦးစီးမှူးရုံးသည်စားသုံးသူနှင့် မျက်မှန်ဆိုင်လုပ်ငန်းရှင်တို့အကြား ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် လိုအပ်သောပြေစာကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်ကြားခံရသည့် မျက်မှန်ဆိုင်ပိုင်ရှင်ကို ညှိနှိုင်းဖြေရှင်းရန်ခေါ်ယူရာ တရားဝင်ကိုယ်စားလှယ်သည်လွှဲစာဖြင့် လာရောက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဆိုင်ရာကိုသိရှိသော ကျွမ်းကျင်သူများ ရှေ့တွင်ခေါ်ယူ စစ်ဆေးခဲ့ပါသည်။ ထိုအခါမျက်မှန်ဆိုင်တိုင်းသည် မျက်မှန်ကိုင်းအဟောင်းကို  မှန်အသစ်လဲတပ်ခြင်းဆောင်ရွက်ပါက ကိုင်းကျိုးခြင်း၊ အဆင်မပြေခြင်းဖြစ်နိုင်ကြောင်း ပြောကြားအသိပေးပြီးမှအလုပ်လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ ကိုင်းကြောင့် မှန်တစ်စုံဆုံးရှုံးခဲ့ပြီးဖြစ်သဖြင့် အဆိုပါကိုင်းကို ထပ်မံတပ်မပေးနိုင်သော်လည်းတာဝန်ယူမှုအနေဖြင့်   မှန်တစ်စုံပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ပြန်ယူသွားပြီးအခြားဆိုင်မှာ သွားတပ်ခိုင်းလိုပါက ပေးလိုက်မည်ဖြစ်ကြောင်း၊ စားသုံးသူတောင်းဆိုသလို  မဖြစ်မနေတပ်ပေးရန်    မဖြစ်နိုင်ပါကြောင်း  စိစစ်သိရှိရပါသည်။

            တိုင်ကြားသူဘက်ကို အသိပေးရာ အခြားဆိုင်သွားတပ်ခိုင်းလျှင်ရမရ မသေချာဘဲတပ်ခ ထပ်မံကုန်ကျမည်၊ မျက်မှန်ကိုင်းအသစ်ဝယ်ယူပါကလည်း ပိုက်ဆံထပ်မံ ကုန်ကျမည်၊ ပိုက်ဆံ ထပ်သုံးရမည့်  မည်သည့်နည်းမျှမလုပ်လိုပါ၊  နည်းလမ်းတစ်ခုခုအရ အရေးယူ သတိပေးခြင်း  ဆောင်ရွက်ပေးနိုင်ပါက ကျေနပ်ပါသည်ဟု တောင်းဆိုလာပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ ဖောက်ဖျက်မှုကိုစိစစ်ရာ ပုဒ်မ၂၇(ခ)  အာမခံထားသော အချိန်ကာလအတွင်းသဘောတူညီထားသော ဝန်ဆောင်မှုကိုမရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမှု အတွက်ကုစားခွင့်ပေးရန်ဟုပါရှိရာ  စားသုံးသူက ငွေကျပ် (၁၈၀၀၀)  နစ်နာပြီးမျက်မှန် ရရှိအောင်  ဝန်ဆောင်မှုမပေးနိုင်သဖြင့် စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးရုံးက ပုဒ်မ ၅၂ စီမံ ခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်းဖြင့် မျက်မှန်ဆိုင်ရှင်အား  ဥပဒေပါ  တာဝန်များကို အကျိုးအကြောင်းဖော်ပြလျက် သတိပေးခြင်း  ဆောင်ရွက်ခဲ့ခြင်းဖြင့် တိုင်ကြားမှုတစ်ခုကို ပိတ်သိမ်း မှတ်တမ်းတင်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ်  ဖြေရှင်းဆောင်ရွက်ထားမှု အခြေအနေ

             ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နေ တိုင်ကြားသူသည် “ * * * ” အီလက်ထရွန်းနစ် အရောင်းဆိုင်မှ ၈-၃-၂၀၂၂ ရက်နေ့တွင် 1000W ရှိသည့် Inverter အား (၂)သိန်းကျပ်ဖြင့် ဝယ်ယူခဲ့ပြီးနောက် ၁၀-၃-၂၀၂၂ ရက်နေ့တွင် ပျက်စီးသွားပါသဖြင့် ဆိုင်သို့ပြန်လည် ပြသရာ တွင် တာဝန်ယူပေးမှုမရှိသည့်အတွက် အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့  Email ဖြင့် တိုင်ကြားလာမှုအပေါ် ၄-၅-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့အား တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းမှုဆောင်ရွက်ရာတွင်  “ * * * ”  အီလက်ထရွန်းနစ်မှ တာဝန်ရှိသူက ယခုဖြစ်စဉ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် တိုင်ကြားသူစိတ်တိုင်းကျ ဆောင်ရွက်ပေးသွားပါမည်ဟု ဆွေးနွေးတင်ပြ သောကြောင့် တိုင်ကြားသူမှ Inverter စက်ဖိုးငွေ (၂)သိန်းကျပ်အား ပြန်လည်တောင်းခံသည့် အတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ သက်ဆိုင်ရာအရာရှိများ ရှေ့မှောက်တွင် စက်ဖိုး‌ငွေ (၂) သိန်းကျပ်အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

E-commerce ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ်  ဖြေရှင်းဆောင်ရွက်ထားမှု အခြေအနေ

              ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူသည် “ * * * ” .com.mm website ပေါ်မှတစ်ဆင့် ရောင်းချသော “ * * * ” ဆိုင်မှ CK Outlet အိတ်ဝယ်ယူခဲ့ရာ အိတ်၏ ဘေးဘက်တွင် အစက်အပြောက်ရှိနေခြင်း၊ ချုပ်ရိုးတွန့်နေခြင်းနှင့် ဖိရာများပါရှိနေခြင်းကြောင့် အိတ်အား ပြန်လည်လဲယူရာတွင် အိတ်ဆိုင်မှလက်မခံဘဲ ငြင်းဆိုနေသည့်အတွက် တိုင်ကြားလာမှု အပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “ * * * ” .com.mm  သို့ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ  “ * * * ” .com.mm မှ တာဝန်ရှိသူများက ၂၀-၅-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူ ထံ ဖုန်းဖြင့်ဆက်သွယ်၍ အဆင်မပြေမှုများအတွက် ရှင်းလင်းတောင်းပန်ခြင်းနှင့် CK Outlet အိတ်ရောင်းချခဲ့သည့် “ * * * ” ဆိုင်မှလည်း အိတ်တန်ဖိုးအတိုင်း Refund ငွေပြန်လည် ပေးအပ်ခဲ့သည့်အတွက် တိုင်ကြားသူမှ ကျေနပ်လက်ခံခဲ့ပါကြောင်း ၂၃-၅-၂၀၂၂  ရက်နေ့တွင် အကြောင်းပြန်ကြားလာသောကြောင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကျေနပ်မှုရှိ၍ တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် သီးနှံမျိုးစေ့နှင့် ပတ်သက်၍ တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း

                   စစ်ကိုင်းတိုင်းဒေသကြီးတွင် သီးနှံမျိုးစေ့ဝယ်ယူစိုက်ပျိုးပြီး နစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားခဲ့သော အမှုကိစ္စများ ရှိခဲ့ပါသည်။ စားသုံးသူကာကွယ်‌ရေးဥပဒေအရ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်သော်လည်းကောင်း၊ အခြားသူ အတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်။ သို့ဖြစ်ပါ၍ သီးနှံမျိုးစေ့ ဝယ်ယူစိုက်ပျိုးသော တောင်သူ/လယ်သမားအနေဖြင့် စားသုံးသူဥပဒေအရ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် အကျုံးမဝင်ပေ။ သို့သော် တောင်သူ/လယ်သမားအနေဖြင့် သီးနှံမျိုးစေ့ဝယ်ယူပြီး စိုက်ပျိုးသည့်အခါ မျိုးစေ့ကုမ္ပက အာမခံထားသည့်အတိုင်း အပင်ပေါက်နှုန်းအပါအဝင် အခြား အချက်များနှင့် ကိုက်ညီမှုမရှိပါက နစ်နာသည့် End User ဖြစ်ပြီး ၎င်းတို့အနေဖြင့် ကုစားခွင့် ရရှိသင့်ပေသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သီးနှံမျိုးစေ့ ဝယ်ယူခြင်းနှင့်ပတ်သက်၍  တိုင်ကြားမှုအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကုစားခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ရသည့် တိုင်ကြားမှု(၂)ခု ရှိခဲ့ပါသည်။

                  ပထမတိုင်ကြားမှုမှာ စပါးစိုက်သော ဒေသမှ တောင်သူများသည် ကုမ္ပဏီတစ်ခုမှ မျိုးစပါး ဝယ်ယူစိုက်ပျိုးပြီးနောက် စပါးပင်များ မဖြစ်ထွန်းသဖြင့် ဖြစ်စဉ်တူညီသည့်တောင်သူများ စုစည်းပြီး စိုက်ပျိုးရေးဦးစီးဌာနထံသို့ တိုင်ကြားခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော  မျိုးစေ့ဥပဒေတွင်   " မျိုးစေ့ဝယ်ယူအသုံးပြုသူများသည် မျိုးစေ့၏ အရည်အသွေးညံ့ဖျင်းမှုကြောင့် ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာပေါ်ပေါက်လျှင် မျိုးစေ့တန်ဖိုးအပါအဝင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ငွေဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဥပဒေနှင့် အညီ မျိုးစေ့ဖြန့်ဖြူး ရောင်းချသူများထံ လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသည်" ဟုပါရှိပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေး ပြီးနောက် တိုင်ကြားခံရသည့် ကုမ္ပဏီက တောင်သူများသို့  စိုက်ဧကအလိုက် သတ်မှတ် လျော်ကြေးပေးအပ်စေရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။

                ဒုတိယတိုင်ကြားမှုမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးသော ဒေသမှ တောင်သူ(၂)ဦး ဦးဆောင်၍  စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသောကိစ္စ ဖြစ်ပါသည်။ ပန်းဂေါ်ဖီမျိုးစေ့အမျိုးအစားတူ ဝယ်ယူစိုက်ပျိုးခဲ့သော တောင်သူ(၆)ဦး၏စိုက်ခင်းတွင် ပန်းဂေါ်ဖီများအပွင့် ဖြစ်ထွန်းပြီးမှ အရောင်ပြာသွားသဖြင့် ရောင်းချမရတော့ဘဲ နစ်နာဆုံးရှုံးရသဖြင့် မျိုးမကောင်းသောကြောင့်ဖြစ်ရသည်ဟု ယူဆ၍ မျိုးစေ့ဖြန့်ဖြူးသည့် ကုမ္ပဏီအား တိုင်ကြားခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဖြေရှင်းပေးရမည်ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနက နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းပေးနေကြောင်း ကြားသိရသဖြင့် ညှိနှိုင်းပေးပါရန် တိုင်ကြားလာခြင်း ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရာ မျိုးကြောင့်သာမဟုတ်ဘဲ   စိုက်ပျိုးချိန်စောသွားခြင်းကြောင့်လည်း  ထိုသို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် မျိုးဖြန့်ဖြူးသည့် ကုမ္ပဏီအနေဖြင့် စိုက်ရမည့်အချိန်ကို သေချာသိရှိစေရေး သတင်းအချက်အလက်ဖော်ပြရန်နှင့် စိုက်ပျိုးမည့်သူများအား သတင်းအချက်အလက်ပြည့်စုံစွာပေးရန် ပျက်ကွက်မှု၊ အပင်ပေါက်နှုန်းကောင်းမည် ဟူသော အာမခံချက်မရှိသကဲ့သို့ သဘောသက်ရောက်နေခြင်းတို့ကြောင့် မျိုးဖြန့်ဖြူးသည့် ကုမ္ပဏီဘက်က တာဝန်ယူပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ နစ်နာသည့် သီးနှံစိုက်ပျိုးသူများသို့ မျိုးစေ့အစားထိုး ပြန်ပေးခြင်းနှင့် ပိုးသတ်ဆေး၊ မြေဆီထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

 

စားသုံးသူနစ်နာမှုတိုင်ကြားစာအား ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိရာ (၂၈.၃.၂၀၂၂)ရက် နေ့တွင် ရုံးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန Website Complaint Systemသို့  ရွှေဘိုမြို့ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်နေ ×××××× မှ Wave Money ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးပါရန် တိုင်ကြားခဲ့ပါသည်။ ၎င်းတိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်ကြားသူထံ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တိုင်ကြားသည့်အကြောင်းအရာနှင့် ဖြေရှင်းပေးစေလိုသည့် နည်းလမ်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ Wave Money accထဲသို့ ထည့်ထားသည့် ငွေကြေး တစ်စုံတစ်ရာ ဆုံးရှုံးမှုမရှိသော်လည်း acc ထဲသို့ ငွေကြေးမသမာမှုဟု စာရောက်လာပြီး  accအားပိတ်ထားသည်မှာ တစ်လကျော်ကြာပြီဖြစ်ကြောင်း၊ Customer Service သို့တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း တိုင်ကြားသည့် (၂၈.၃.၂၀၂၂)ရက်နေ့ထိ accအား ပြန်လည်၍ ဖွင့်လှစ်ပေးခြင်း မရှိသေးသည့်အပြင် ပြန်လည်မဆက်သွယ်၍ ထိရောက်မှုလည်းမရှိသဖြင့် Website Complaint Systemသို့ ဆက်သွယ် တိုင်ကြားရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် accနှင့်ပတ်သက်၍ ငွေကြေးမသမာမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ ရိုးရိုးသာအသုံးပြုခြင်းဖြစ်၍ acc အား ပြန်လည် ရယူ အသုံးပြုလိုပါသဖြင့်  ညှိနှိုင်း ပေးစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

          တိုင်ကြားစာနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းနိုင်ရန်  Digital Money Myanmar Ltd.(Wave Money)၏  ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုဖြစ်ပေါ်လာပါက လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး ဆက်သွယ်ပေးနိုင်ပါရန် အကြောင်းကြားထားသည့် တာဝန်ရှိသူထံ ဌာနမှ တယ်လီဖုန်းဖြင့်ညှိနှိုင်းချိတ်ဆက်ရာ (၂၂.၄.၂၀၂၂)ရက်နေ့တွင်တိုင်ကြားသူ၏ Wave Money accအား ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း (၂၅.၄.၂၀၂၂)ရက်နေ့တွင် တယ်လီဖုန်းဖြင့်  အကြောင်းပြန်ကြား ခဲ့ပါသည်။ Digital Money Myanmar Ltd.(Wave Money)၏  အကြောင်းပြန်ကြားမှုအား တိုင်ကြားသူထံ  ဌာနမှ (၂၅.၄.၂၀၂၂)ရက်နေ့တွင် တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားပေးခဲ့ရာ Wave Money  accအား ပြန်လည်ရရှိပြီဖြစ်ကြောင်း ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးသဖြင့် ဌာနကို ကျေးဇူးတင်ပါကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည့်အပေါ် စိတ်ကျေနပ်မှုရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သဖြင့် Wave Money acc          ပြန်လည်ရယူအသုံးပြုလိုသည့် တိုင်ကြားစာအား ညှိနှိုင်းဖြေရှင်း ပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ဖိနပ်အရောင်းဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု

          ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ရန်ကင်းနေ တိုင်ကြားသူတစ်ဦးသည် ***** ဖိနပ်ဆိုင်မှ ဖိနပ်တစ်ရံအား ကျပ်၆၅၀၀၀/-ဖြင့်ဝယ်ယူခဲ့ပြီးစတင်အသုံးပြုခဲ့ရာ ဖိနပ်အတွင်းအပြင် လည်သာများ အစိတ်စိတ်အမွှာမွှာဖြစ်ပေါ်လာသောကြောင့် ကျေနပ်မှုမရှိ၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

          အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ***** ဖိနပ်ဆိုင်သို့ မည်သို့ဆောင်ရွက်ပေးနိုင်ရေး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖိနပ်ဆိုင် တာဝန်ခံမှ တိုင်ကြားသူစိတ်ကျေနပ်မှုရရှိစေရေးအတွတ် ကြိုက်နှစ်သက်ရာ ပစ္စည်းအား ၎င်းတို့ဆိုင်မှ နစ်နာမှုအတွက် ကျပ် ၃၀၀၀၀/- ဖိုးလက်ဆောင် ပြန်လည်ပေးဆောင်ပြီးဖြစ်ကြောင်း ပြန်ကြားလာသဖြင့် ဌာနမှ တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်း အတည်ပြုရာတွင်  ***** ဖိနပ်ဆိုင်မှ ကျေနပ်အောင်ဖြေရှင်းပေးခဲ့သည့်အတွတ် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် အမှုအားပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူအသုံးပြုရာတွင် မိမိပေးလိုက်ရသော တန်ဖိုးနှင့် ညီမျှသည် ကုန်စည်ကို မရရှိပါက (သို့မဟုတ်) မိမိပေးလိုက်ရသည့် တန်ဖိုးနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုကိုမရရှိပါက နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ထိထိ ရောက်ရောက်ဖြေရှင်းဆောင်ရွက်နိုင်သည့် တိုင်ကြားမှုသာဓကတစ်ခုအဖြစ် အသိပေးအပ်ပါသည်။

DOCA(ရန်ကုန်)

ရိတ်သိမ်းခြွေလှေ့စက်ဝယ်ယူခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုအား စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဖြေရှင်းပေးခဲ့မှု

         လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်ဝယ်ယူရာတွင် ဝယ်ယူသူက ကျေနပ်မှုမရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာမှုအား ဌာနမှ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဖြစ်စဉ်မှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ တောင်သူ ဦးဝင်းဆန်းဦးက UMG Group မှ လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်တစ်လုံးကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ ပါကြောင်း၊ ထိုသို့ဝယ်ယူခဲ့ရာတွင် အဆိုပါရိတ်သိမ်းခြွေလှေ့စက်မှာ မကြာခဏစက်ချို့ယွင်းခြင်း၊ အပိုပစ္စည်း မရရှိနိုင်ခြင်းတို့ကြောင့် ကျေနပ်မှုမှမရှိသည့်အတွက် နစ်နာဆုံးရှုံးမှုအား စစ်ကိုင်း တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန (CICC)ရုံးသို့ တိုင်ကြားခဲ့ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်ကြားသူနှင့် UMG Groupမှတာဝန်ရှိသူတို့အား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီးဖြေရှင်းခဲ့ရာ ကုမ္ပဏီမှအရစ်ကျစနစ်ဖြင့် ဝယ်ယူသူအား သိန်း(၉၀)ပြန်လည် ပေးချေရန် ညှိနှိုင်း ဖြေရှင်းသဘောတူညီဆုံးဖြတ်ချက်ချ ဆောင်ရွက်ခဲ့ပါသော်လည်း ကိုဗစ်(၁၉) အခြေအနေ မြင့်တက် လာခြင်းနှင့် အခြားအထွေထွေကိစ္စရပ်များကြောင့် တိုင်ကြားသူ ထံငွေ ကျပ်သိန်း(၉၀) အားတစ်လုံးတည်းပေးချေရန် အခက်အခဲရှိပါ၍ တစ်လလျှင် သိန်း(၃၀) ဖြင့်သုံးကြိမ်ခွဲ၍ ပေးချေ ခွင့်ပြုနိုင်ရေး ညှိနှိုင်းတင်ပြရာ တိုင်ကြားသူ ဘက်က ကျေနပ်လက်ခံခဲ့ ပါသည်။ ကုမ္မဏီမှ (၂၆.၁.၂၀၂၂) ရက်နေ့တွင်ပထမအရစ်သိန်း(၃၀)၊ (၁၈.၂.၂၀၂၂)ရက်နေ့တွင် ဒုတိယအရစ်သိန်း(၃၀)၊ (၂၄.၃.၂၀၂၂)ရက်နေ့ တွင် တတိယအရစ် သိန်း(၃၀)တို့ကို ပေးချေခဲ့ပါသည်။ အဆိုပါဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့ဖက်မှ ကျေနပ်လက်ခံခဲ့ကြပြီး လယ်ယာသုံး စက်ကရိယာပစ္စည်းရိတ်သိမ်ချွေလှေ့စက်ဝယ်ယူခြင်းအတွက် တိုင်ကြားမှုကို (၂၄.၃.၂၀၂၂)ရက်နေ့တွင် နှစ်ဖက်ညှိနှိုင်းသဘောတူ၍ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ