EV ကားဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ




ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နေ တိုင်ကြားသူတစ်ဦးသည် ဘဏ်တစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိအသုံးပြုနေသည့် ဖုန်း ဆင်း ကဒ်အား အခြားသူတစ်ဦးမှ Pay အကောင့် ဖွင့်၍ အသုံးပြုနေသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြားခံရသည့်ဘဏ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဘဏ်မှ တာဝန်ရှိသူများက တိုင်ကြားစာပါ ဖုန်းဆင်းကဒ်ဖြင့် ဖွင့်လှစ်ထားသော Pay အကောင့်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ Pay အကောင့်သုံးစွဲနေသူနှင့် ဆင်းကဒ်ပိုင်ရှင် ကွဲလွဲမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တိုင်ကြားသူ၏ ဖုန်းဆင်းကဒ်ဖြင့် ဖွင့်လှစ်ထားသော Pay အကောင့်အား အပြီးအပိုင်ပိတ်သိမ်းသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးထားကြောင်းတို့ကို အကြောင်းပြန်ကြားလာသည့်အတွက် တိုင်ကြားသူထံ ဆက်သွယ်ပြောကြားခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Sushi ဆိုင်တစ်ဆိုင်တွင် Sushi (၅) ပွဲမှာစားရာ Mayonnaise အား တစ်ပန်းကန်သာပေးသဖြင့် ထပ်မံ တောင်းခံရာတွင် ဆိုင်ဝန်ထမ်းမှ အနည်းဆုံးငွေကျပ် ၃၀၀၀/- ဖြင့် ဝယ်ယူရမည်ဟု ပြောကြားခဲ့ကြောင်း၊ ယခင်စားနေကြဖြစ်ပြီး ပုံမှန်အားဖြင့် မရိုးနစ်မှာ လိုသလို တောင်းခံနိုင်သည်ကို သိရှိထားသောကြောင့် ကျေနပ်မှုမရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများကSushi ဆိုင်ပိုင်ရှင်နှင့် တိုင်ကြားသူအား ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ဆိုင်ပိုင်ရှင်မှ မိမိတို့ဆိုင်အနေဖြင့် ယခင်က မရိုးနစ်အား စားသုံးသူလိုသလောက် ပေးအပ်နိုင်ခဲ့သော်လည်း ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်လာမှု များကြောင့် Mayonnaise အား လိုသလောက် ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချသည့်စနစ်ဖြင့်သာ ဆောင်ရွက်နေရပါကြောင်း၊ ဆိုင်တွင် ယခုဖြစ်စဉ်ဖြစ်ပွားမှုကိုလည်း မိမိအနေဖြင့် မသိရှိပါကြောင်း၊ ဆိုင်မှဝန်ထမ်းများ၏ ဝန်ဆောင်မှုအပိုင်း အားနည်းမှုများအပေါ် တောင်းပန်စကားပြောကြားခဲ့ပြီး ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သင်ကြားမှုများ ထပ်မံလုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့ရာ တိုင်ကြားသူမှလည်း ဆိုင်ပိုင်ရှင်၏ တောင်းပန်မှုအပေါ် ကျေနပ်လက်ခံမှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက မော်တော်ယာဉ်လိုင်းမှတာဝန်ရှိသူအား ၅-၅-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံ၍ စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး “ကားဂိတ်တာဝန်ရှိသူအနေဖြင့် တိုင်ကြားသူသို့ ပစ္စည်း၏တန်ဖိုးငွေကျပ် ၃၀၀,၀၀၀/-ကို ပေးလျော်စေရန်” စီမံခန့်ခွဲရေးနည်းလမ်းအရ အမိန့်ချမှတ်ခဲ့ပါသည်။ အမိန့်အရကားဂိတ်မှ တာဝန်ရှိသူက တိုင်ကြားသူသို့ ပစ္စည်းတန်ဖိုးကို ပေးလျော်ခဲ့သည့်အတွက် တိုင် ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

(xxx) မြို့၊ (xxx) ကျေးရွာနေ ဦး(xxx)သည် (၂၆.၃.၂၀၂၅)ရက်နေ့တွင် ဟဲဟိုး-တာချီလိတ် ခရီးစဉ် အတွက် (xxx) အေဂျင်စီ၏ Viber ဖုန်းနံပါတ်(xxx)သို့ ဆက်သွယ်၍ အွန်လိုင်းမှတဆင့် လူ(၄)ဦးစာအတွက် လေယာဉ်လက်မှတ် ဝယ်ယူခဲ့ရာ (၁၀.၄.၂၀၂၅)ရက်နေ့တွင် (xxx) လေကြောင်း လိုင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် (၃၅၉၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄၃၆၀၀၀)ကျပ် အား Kpay နံပါတ်(xxx)သို့ ငွေပေးချေရမည်ဖြစ်ကြောင်း ပြန်ကြားလာ၍ (၂၅.၃.၂၀၂၅)ရက်နေ့တွင် စရန် ငွေ(၂)သိန်း၊ (၂၆.၃.၂၀၂၅)ရက်နေ့တွင် (၁၂)သိန်း၊ စုစုပေါင်း(၁၄)သိန်း ပေးချေ၍ ဝယ်ယူခဲ့ရာ ငွေအကြေပေးချေပြီးလျှင် လေယာဉ်လက်မှတ်ဖြတ်ပိုင်းပေးပို့မည်ဟု ပြေားကြားခဲ့သော်လည်း ပေးပို့ လာခြင်းမရှိသဖြင့် ၎င်း၏နစ်နာဆုံးရှုံးမှုအတွက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးသို့ (၂.၄.၂၀၂၅)ရက်နေ့တွင် တိုင်ကြားလာပါသည်။
တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိ/မရှိ စိစစ်လက်ခံခဲ့ပြီး တိုင်ကြားခံရ သည့် အေဂျင်စီ၏ Facebook Page စာမျက်နှာတွင် ပါရှိသောလိပ်စာမှာ (xxx) ရန်ကုန်မြို့ဖြစ်ပါ သဖြင့် ၎င်းကုမ္ပဏီမှာ မြေပြင်တွင်ရှိ/ မရှိ စုံစမ်းစစ်ဆေးပေးနိုင်ပါရန်နှင့် ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ရုံးတာဝန် ရှိသူမှ (၇.၅.၂၀၂၅)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစုံစမ်းခဲ့ရာ တိုင်ကြားခံရသည့် လုပ်ငန်းရှင်၏ လိပ်စာဖြစ်သည့် (xxx)ရန်ကုန်မြို့မှာ အမှန်တကယ်ရှိပြီး ကုမ္ပဏီ၏ Supervisior ဦး(xxx)မှ Viber နံပါတ်(xxx)နှင့် Kpay နံပါတ်(xxx)တို့မှာ ကုမ္ပဏီတွင်မရှိပါကြောင်း၊ ကုမ္ပဏီသည် Mobile Banking အနေဖြင့် MAB, AYA, KBZ ဘဏ်တို့တွင်လည်း (xxx)ကုမ္ပဏီအမည်ဖြင့်သာရှိကြောင်း၊ Kpay နှင့် ဆိုလျှင် Quick Payထံမှ (xxx) ကုမ္ပဏီသို့သာပေးချေရပြီး လူအမည်၊ ဖုန်းနံပါတ်ဆိုလျှင် လိမ်လည်မှုသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော လိမ်လည်မှုဖြစ်စဉ်မျိုးလည်း မကြာခဏဖြေရှင်း ပေးနေရကြောင်း ပြန်ကြားလာပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူမှ တိုင်ကြားသူ ဦး(xxx) ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိပါက အွန်လိုင်းမှတဆင့် ဝယ်ယူအသုံးမပြု သင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှလည်း အွန် လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနမှလည်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ထားခြင်း မရှိသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
နောက်နောင် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုမည်ဆိုပါက မှတ်ပုံတင်လက်မှတ် ရရှိပြီးသော လုပ်ငန်းရှင်များမှတစ်ဆင့် ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ယခုဖြစ်စဉ်မျာလည်း လိမ်လည်မှုသဘော မျိုး သက်ရောက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသင့်သည်ဟု အကြံပြုလိုပါကြောင်း အသိပေးရှင်းလင်းခဲ့ရာ တိုင်ကြားသူမှ ကျေနပ်မှုရရှိ၍ (၁၆.၅.၂၀၂၅)ရက်နေ့တွင် အမှုပိတ်သိမ်းခဲ့ပါသည်။
DOCA(မကွေး)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အီလက်ထရောနစ်ဆိုင် တစ်ခုထံမှ 25”TV တစ်လုံးအား ငွေကျပ် ၈၅၀,၀၀ဝ/-ဖြင့် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်း မကုန်ဆုံးမီ ပျက်စီးသွားသောကြောင့် ဆိုင်သို့ ပြုပြင်ရန် ပို့ဆောင်ပေးခဲ့ရာ (၃)လခန့်ကြာသည်အထိ ပြုပြင် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသော အီလက်ထရောနစ်ဆိုင်သို့ စာဖြင့်အကြောင်းကြား၍သော်လည်းကောင်း၊ Viber မှစာပို့၍သော်လည်းကောင်း၊ အကြိမ်ကြိမ်ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း လာရောက်ဖြေရှင်းမှု မရှိသည့်အတွက် ခရိုင်ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြခဲ့ပါသည်။ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား တိုင်းဦးစီးမှူးရုံးသို့ ခေါ်ယူခဲ့ရာ တွင် တိုင်ကြားသူမှ တိုင်ကြားမှုအခြေအနေများအား လာရောက်ရှင်းလင်း ပြောကြားခဲ့သော်လည်း အီလက်ထရောနစ်ဆိုင်မှ လာရောက်ခြင်းမရှိသည့်အပြင် တိုင်ကြားသူထံသို့ TV အပ်နှံခြင်း မရှိသည်ကို သိရှိခဲ့ရသောကြောင့် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အမှာစာဖြင့် တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်သွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သဖြင့် အီလက်ထရောနစ်ဆိုင်အား စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၅၂ (ဃ)အရ “တိုင်ကြားသူထံသို့ TV အား ယခုအချိန်ထိ ပြန်လည် ပေးအပ်ခြင်းမရှိသည့် အတွက် ဝယ်ယူခဲ့သည့် TV တန်ဖိုး ငွေကျပ် ၈၅၀,၀၀ဝ/- မှ TV အသုံးပြုခဲ့သည့် (၆)လစာအား တစ်လ လျှင် ငွေကျပ် ၃၀,၀၀ဝ/- သတ်မှတ်၍ ငွေကျပ် ၁၈၀,၀၀ဝ/- ကို နှုတ်ယူ၍ ကျန် ငွေကျပ် ၆၇၀,၀၀ဝ/-အား ပြန်လည်ပေးအပ်ရန်” ဟူ၍ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အား ချမှတ်ခဲ့ပါသည်။ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခဲ့မှုအပေါ် အီလက်ထရောနစ်ဆိုင်မှ တိုင်ကြားသူသို့ ငွေကျပ် ၆၇၀,၀၀ဝ/- ကို ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် တိုင်ကြားသူကငွေလက်ခံရရှိပြီး ကျေနပ်မှု ရှိပါသောကြောင့် တိုင်ကြား မှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများက တိုင်ကြားခံရသည့် ကားအရောင်းစင်တာမှ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံ၍ စားသုံး သူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပေးခြင်း ဆောင်ရွက်ခဲ့ကာ SKD(ပြည်တွင်းထုတ်မော်တော်ယာဉ်) စနစ်ဆိုပါကလည်း ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် ပေးရန် ပျက်ကွက်မှုကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က) အရ သတိပေးခြင်း အမိန့်အား ချမှတ်ခဲ့ပါသည်။ အဆိုပါ ကားအရောင်းစင်တာများအား အွန်လိုင်းမှတဆင့် မော်တော်ယာဉ် များရောင်းချမည်ဆိုပါက အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်မော်တော်ယာဉ် ရောင်းချမှုများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင် ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားရန်တို့ကို ညွှန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ပဏာမ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး စေ့စပ်ညှိနှိုင်းခဲ့ရာ ဆိုင်ဘက်မှ laptop တန်ဖိုး ငွေကျပ် ၁,၄၅၀,၀၀၀/- ကို တိုင်ကြားသူအသုံးပြုခဲ့သည့် အချိန်ကာလအတွက်တန်ဖိုးနှင့် laptop ဝယ်ယူ စဉ်က ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းတန်ဖိုးများအား နှုတ်ယူ၍ ကျန်ငွေကျပ် ၁,၂၂၀,၀၀၀/-ကို တိုင်ကြားသူထံသို့ ပြန်လည်လွှဲပေးခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နေ တိုင်ကြားသူတစ်ဦး သည် မကွေးမြို့ရှိ ကားဂိတ်တစ်ခု တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို မန္တလေးမှ အောင်လံမြို့သို့ ဝန်ဆောင်ခ ပေး၍ ပို့ဆောင်စေခဲ့ရာ ၎င်းပစ္စည်းမှာ အောင်လံမြို့သို့ ရောက်ရှိ လာ ခြင်းမရှိသဖြင့် ဂိတ်သို့ မေးမြန်း စုံစမ်းရာ ဂိတ်တာဝန်ရှိသူမှ မကွေးမြို့ရှိဂိတ်သို့ ပေးပို့ခဲ့ကြောင်း၊ မကွေးမြို့ရှိဂိတ်မှတစ်ဆင့် အခြားယာဉ်လိုင်းဖြင့် ဆက်လက်ပေးပို့စေခဲ့ရာတွင် ပစ္စည်းမှာ လမ်းတွင်ပျောက်ဆုံးခဲ့ကြောင်း၊ မကွေးမြို့ရှိ ဂိတ်တာဝန်ရှိသူမှ လျော်ကြေးငွေကျပ်(၃)သိန်း ပေးလျော်မည်ဖြစ်ကြောင်း ပြောကြားခဲ့မှု အပေါ် ပစ္စည်း၏တန်ဖိုးမှာ ငွေကျပ် (၁၀)သိန်းဖြစ်၍ ပစ္စည်း(သို့မဟုတ်) ပေးချေခဲ့ရသည့် ပစ္စည်းငွေ တန်ဖိုးအတိုင်း ပေးလျော်စေလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါ သည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ပို့ဆောင် ရေး စီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိက လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီတို့ ပါဝင်သောအဖွဲ့ဖြင့် မကွေးမြို့ဂိတ်တာဝန်ခံအား ခေါ်ယူမေးမြန်းခဲ့ရာ ဂိတ်တာဝန်ခံမှ အမှန်တစ်ကယ် ပေးချေခဲ့ရသည့် ပစ္စည်းတန်ဖိုးအထောက်အထားများ တင်ပြပေးရန်နှင့် တိုင်ကြားသူနှင့် ပြေလည် အောင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း တောင်းဆိုမှုအရ တိုင်ကြားသူထံမှ ပေးချေခဲ့သည့် အထောက် အထားများကို တောင်းယူ၍ မကွေးမြို့ဂိတ်တာဝန်ခံသို့ ပေးပို့ခဲ့သော်လည်း ပြေလည်မှုမရရှိသည့် အတွက် ဌာနမှ စစ်ဆေးရေးအရာရှိနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရှေ့မှောက်၌ ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ရာ တိုင်ကြားခံရသည့်ဂိတ်တာဝန်ခံမှ ငွေကျပ် (၈)သိန်းအား ပေးလျော်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ချက်ချင်းပေးလျော်နိုင်ခြင်းမရှိသည့်အတွက် တစ်လခန့် စောင့်ဆိုင်းပေးရန် ပြောကြားလာသဖြင့် တိုင်ကြားသူထံသို့ ဆက်သွယ်ညှိနှိုင်းပေးခဲ့ရာ သဘောတူလက်ခံပါသည်။ ၁၇-၂-၂၀၂၅ ရက်နေ့တွင် မကွေးမြို့ဂိတ်တာဝန်ခံက သက်ဆိုင်ရာဌာနဆိုင်ရာများ ရှေ့မှောက်တွင် ငွေကျပ်(၈)သိန်းအား တိုင်ကြားသူသို့ ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှ ကျေနပ်လက်ခံခဲ့သောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။