ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

Online Shopping ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

          ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxxx Online Shopping မှ Brand ပစ္စည်းအတုများ ရောင်းချနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ၂၇-၈-၂၀၂၀ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။

          တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxxxxx Online Shopping သို့ ၃-၉-၂၀၂၀ ၊ ၁၈-၁၂-၂၀၂၀ ရက်နှင့် ၁-၃-၂၀၂၁ ရက်နေ့တို့တွင် ဆက်သွယ်ခဲ့ သော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိသဖြင့် ၂၆-၅-၂၀၂၁ ရက်နေ့တွင် တိုင်ကြားသူထံ ထပ်မံ ဆက်သွယ်မေးမြန်းရာ၌ ၁၁-၁၀-၂၀၂၀ ရက်နေ့တွင် xxxxxxx Online Shopping မှ တာဝန်ရှိသူက တိုင်ကြားသူသို့ ဆက်သွယ်တောင်းပန်ခဲ့ပြီး ကျသင့်ငွေ ၅၉,၀၀၀/- ကျပ်ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း၊ ဖြေရှင်းမှုနှင့်ပတ်သက်၍ ကျေနပ်မှုရှိပါကြောင်း ပြောကြားခဲ့သဖြင့် ၂၇-၅-၂၀၂၁ ရက်နေ့ တွင် အမှုအား ပိတ်သိမ်းဆောင် ရွက်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးမှ ပုဂ္ဂလိကကျောင်း ပညာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

      မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ xxxxxxx Internaltional School ကျောင်းသို့ ၁၆-၁-၂၀၂၀ ရက်နေ့တွင် ငွေကျပ်(၃,၆၀၀,၀၀ဝိ/-)ကျပ် ဖြင့်ကျောင်းအပ်နှံခဲ့ရာ Covid-19 ကာလအတွင်း ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါသဖြင့် ကြိုတင်ပေးသွင်းငွေများ ပြန်လည်တောင်းခံရာ ငွေပြန်အမ်းပေးခြင်း မရှိပါသဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားလာပါသည်။

        တိုင်ကြားမှုနှင့်ပတ်သက်၍ xxxxxxx Internaltional School ကျောင်းမှ တာဝန်ရှိသူနှင့် တိုင်ကြားသူတို့အား ဌာန၏ ညှိနှိုင်းချက်အရ ကျန်ငွေကျပ် (၃၄) သိန်းအား ၃၁-၃-၂၀၂၀ ရက်နေ့တွင် အပြီးအပြတ် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း၊ ဖြန့်ဝေခြင်းများမပြုလုပ်ရန် နှစ်ဦးသဘောတူ ဝန်ခံကတိပြုခဲ့ပြီး ၁-၄-၂၀၂၁ ရက်နေ့တွင် xxxxxxxxx Internaltional School ကျောင်းမှ သင်တန်းကြေး ကျန်ငွေကျပ် (၃၄) သိန်းအား တိုင်ကြားသူ သို့ ပြန်လည်ပေးအပ်ခဲ့သည့်အတွက် အမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

ပုဂ္ဂလိကကျောင်း ပညာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ကလေး ဦးနှောက်ဖွံ့ဖြိုးမှုသင်တန်းကျောင်း၏ ပုံမှန်သင်ကြားရေးစနစ်မှ Online Learning Programme အဖြစ် ပြောင်းလဲပို့ချရာတွင် အချက်(၈) ချက်ကို ပြင်ဆင်ထားသည့်အပြင် ကျောင်းအပ်ခမှ ၅၀% ကို ပြန်အမ်းမည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။

       တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၁-၁၂-၂၀၂၀ ရက်နေ့တွင် တိုင်ကြားသူနှင့် xxxxxxx သင်တန်းကျောင်းမှ တာဝန်ရှိသူများအား နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းပေးခဲ့ရာ ၂၂-၃-၂၀၂၁ ရက်နေ့တွင် xxxxxxx သင်တန်းကျောင်းက လျော်ကြေးငွေ ၅၀ % ကို ၂၀၂၁ ခုနှစ် မတ်လကုန်တွင် နိုင်ငံတော်မှ ကျောင်းများ ဖွင့်ခွင့်မပြုသည့်အတွက် ဧပြီလ  ၁ ရက်မှ ၁၅ ရက်အတွင်း စာချုပ်ပါစည်းကမ်းအရ ထုတ်ပေးမည်ဖြစ်ကြောင်း သဘောတူညီခဲ့ပြီး ၇-၄-၂၀၂၁ ရက်နေ့တွင် xxxxxxx သင်တန်းကျောင်းမှ တာဝန်ရှိသူနှင့် တိုင်ကြားသူတို့ နှစ်ဦးသဘောတူ ကတိ စာချုပ်ချုပ်ဆိုပြီး တိုင်ကြားသူထံ ငွေကျပ် (၆၆၁,၅၀၀/-) ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် အမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ကားအရောင်းဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxx Company Limited မှ ကားအရစ်ကျဝယ်ယူရန် စရံငွေ (၃) သိန်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတခြားကိစ္စနှင့် အဆင်မပြေပါသဖြင့် Cancel ပြန်လုပ်သည့်အချိန်တွင် Refund ငွေပြန်ပေးခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။  

        တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူက xxx  Car Showroom သို့ ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်အကြောင်းကြားမှုမရှိသဖြင့် ၁၀-၁-၂၀၂၁ ရက်နေ့တွင် တိုင်ကြားသူထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ xxx  Car Showroom က တိုင်ကြားသူထံ Refund ငွေအား ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားမှုရရှိသဖြင့် ၃၁-၃-၂၀၂၁ ရက်နေ့တွင် အမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ဖုန်းဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ဆိုင်မှ xxxxxxx tab S4 အား ဝယ်ယူခဲ့ရာ အဆိုပါ ဖုန်းအား အသစ်ဟုပြောဆို၍ ရောင်းချခဲ့ပြီး warranty စစ်ဆေးချိန်တွင် ဖုန်းသက်တမ်းမှာ ရက်ပေါင်း ၇၀၀ ကျော်ရှိနေကြောင်း တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

           အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxx ဆိုင်သို့ ၂၂-၁၀-၂၀၂၀ ရက်နေ့နှင့် ၁၅-၁-၂၀၂၁ ရက်နေ့တို့တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အကြောင်းကြားဆက်သွယ်ခဲ့ရာ အကြောင်းပြန်ကြားမှုမရှိသဖြင့် ၂၂-၃-၂၀၂၁ ရက်နေ့၌ တိုင်ကြားသူထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် xxx ဆိုင်မှ တိုင်ကြားသူသို့ Refund ငွေကျပ် ၄၂၀၀၀၀/- အား ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားချက်ရရှိသဖြင့် အမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုဆိုင်ရာ အသိပညာ

      စားသုံးသူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အရည်အသွေးပြည့်ဝသည့် ကုန်စည်များရရှိရန်နှင့် ကျေနပ်မှုရှိစေသည့် ဝန်ဆောင်မှုများကို ရရှိရန်မှာ အခြေခံလိုအပ်ချက် ဖြစ်ပေသည်။ ယင်းလိုအပ်ချက်များကို အပြည့်အဝ ရရှိစေရန်အလို့ငှာ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်မှာ ထင်ရှားလှပေသည်။ အသိပညာပေးမှုအပိုင်းတွင် စားသုံးသူတို့ ယေဘုယျသိထားသည့်အချက်များမှာ ဘယ်လိုပစ္စည်း၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ရွေးချယ်ဝယ်ယူမလဲ၊ မည်သို့သော ကုန်စည်နှင့် ဝန်ဆောင်မှုများက စျေးနှုန်းနှင့် အရည်အသွေးကိုက်ညီမှုရှိသည်ဟု ဆင်ခြင်ဆုံးဖြတ်မလဲ၊ ကုန်စည် နှင့် ဝန်ဆောင်မှုတို့ တည်ရှိသည့်နေရာအပေါ် သုံးသပ်၍ ဘယ်လိုဝယ်ယူမလဲ၊ ကုန်စည်နှင့် ဝန်ဆောင်မှု တို့ကိုဝယ်ယူရာတွင် ရရှိသည့် သို့မဟုတ် ပါရှိသည့်သက်တမ်းကို အလေးထား၍ ဘယ်လို အသုံးချမလဲ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အာမခံချက်ကို ဘယ်လိုအသုံးချမလဲ၊ အသုံးပြုပုံနှင့် ထားသိုပုံဆိုင်ရာ အချက်အလက်တို့ကို ဘယ်လိုစိစစ်မလဲတို့ ဖြစ်ပါသည်။ လက်ရှိတွင် စားသုံးသူများ ရင်ဆိုင်နေရသောပြဿနာအချို့မှာ ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူရာတွင် စျေးနှုန်း ကွာဟခြင်း၊ ပစ္စည်းများရောနှောရောင်းချခြင်း၊ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အပြစ်အနာအဆာရှိသော ပစ္စည်းများရောင်းချခြင်း၊ မမှန်ကန်သော အချိန်အတွယ် အသုံးပြုခြင်း၊ လိမ်လည်လှည့်ဖြားသည့် ရောင်းဝယ်မှုအလေ့အကျင့်များ ဆောင်ရွက်ခြင်း၊ စားသုံးသူများအတွက် လမ်းညွှန်ချက်ပေးမှု အားနည်းခြင်း၊ စံချိန်စံညွှန်းနှင့်ကိုက်ညီမှု မရှိခြင်း အစရှိသဖြင့် အမျိုးမျိုးသော အခြေအနေတို့ဖြင့် ဝယ်ယူနေကြရသည်။ ယင်းသို့သောအခြေအနေများကို ကျော်ဖြတ်ရန် စားသုံးသူများအနေဖြင့် လိုအပ်သည့်အချက်များမှာ ၎င်းရရှိနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်တို့ကို သိရှိလိုက်နာ ဆောင်ရွက်ရန်၊ ပြဌာန်းထားသည့် သက်ဆိုင်ရာ ဉပဒေများကို သိရှိလေ့လာထားရန်၊ ပြဿနာများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။ ဖော်ပြပါ လိုအပ်ချက်များ၏ အရင်းအမြစ်သည် စားသုံးသူတို့ကို အသိပညာပေးခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် ဝယ်ယူ စားသုံးမှုဆိုင်ရာ အသိပညာဗဟုသုတများ ရှိကြရမည် ဖြစ်သကဲ့သို့ လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရသော နစ်နာဆုံးရှုံးနေရသည့် အခြေအနေများအတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များသို့ ဆက်သွယ်တိုင်ကြား၍ ဆုံးရှုံးနစ်နာမှုများ မရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီ‌ဇင်ဘာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များ CICC တိုင်ကြားမှု ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မှု

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီ‌ဇင်ဘာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များ CICC တိုင်ကြားမှု ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မှုအား တင်ပြအပ်ပါသည်။

စားသုံးသူများတိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများ

သက်ဆိုင်ရာ၏ထောက်ခံချက်မရှိဘဲ ရောင်းချနေကြောင်း တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှု
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားသည် သက်ဆိုင်ရာ ထောက်ခံချက်မရှိဘဲ ရောင်းချနေကြောင်း တိုင်ကြားလာမှုနှင့်ပတ်သက်၍ ၁၄-၁၂-၂၀၂၀ ရက်နေ့တွင် xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားလုပ်ငန်းရှင်အား ခေါ်ယူ၍ ညှိနှိုင်းဖြေရှင်းရာ ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားအား မိမိတို့သဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ပြီး သိမ်းဆည်းဆောင်ရွက်ခြင်းကို ၁၄-၁၂-၂၀၂၀ ရက်နေ့မှ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။

အွန်လိုင်းငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခဲ့မှုများအပေါ် ဖြေရှင်းဆောင်ရွက်မှု

       မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူ (၂) ဦးတို့သည် ၄င်းတို့၏ Account (09-xxxxxxxxx) မှ ငွေ ၁၀၇၁၆၃၅ ကျပ်နှင့် Account (09-xxxxxxxxx) မှ ၁၂၈၄၀ဝဝ ကျပ်တို့ကို ၂၅-၉-၂၀၂၀ ရက် နေ့တွင် အလွဲသုံးစား ထုတ်ယူသုံးစွဲခြင်း ခံရသဖြင့် Call Center များသို့ ဆက်သွယ်ခဲ့ရာ ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint သို့ ဆက်သွယ်တိုင်ကြားလာပါသည်။ အဆိုပါတိုင်ကြားမှုအပေါ် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းသို့ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် ပြန်လည်တင်ပြရန် အကြောင်းကြားခြင်း၊ တိုင်ကြားသူသို့ ဆက်သွယ်၍ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးခဲ့ရာ အွန်လိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းမှ တိုင်ကြားသူတို့ ကိုင်ဆောင်ထားသော Account များထံသို့ ငွေကျပ် ၂၃၆၇၀ဝ၀ တိတိအား ပြန်လည်ထည့်သွင်းပေးခဲ့ပြီးဖြစ်သည့်အတွက် ဌာန၏ စေ့စပ်ညှိနှိုင်းပေးမှု အပေါ် အားရကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

မုန့်တိုက်စစ်ဆေးခြင်းကိစ္စ

နေပြည်တော်ရှိ xxx မုန့်တိုက်အား စစ်ဆေးရေးအဖွဲ့စုံဖြင့် (၁၀-၁၀-၂၀၁၇) ရက်နေ့တွင် ပထမအကြိမ်သွားရောက်စစ်ဆေးခဲ့ရာတွင် သန့်ရှင်းမှု အားနည်းသဖြင့် သန့်ရှင်းမှုရှိရန်၊ ကျန်းမာရေးနှင့် ညီညွတ်ရန်လိုအပ်ကြောင်းညွှန်ကြားသည့်အပေါ်တွင် ပိုင်ရှင်ဖြစ်သူမှ (၃)လခန့် အချိန်ပေးပါရန်နှင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (၂၄-၁-၂၀၁၈) ရက်နေ့တွင် ထပ်မံစစ်ဆေးရာ အတွင်းကြမ်းခင်း မြေကြီးပေါ်တွင် မုန့်ပြုလုပ်ခြင်း၊ မုန့်နယ် သည့် စက်များဘေးတွင် ကြွက်တွင်းများရှိနေခြင်း ၊ မုန့်လုပ်သားများမှာလည်း အင်္ကျီ ဝတ်ဆင်ခြင်း မပြုဘဲ မုန်နယ်ခြင်း၊ မုန့်ထုတ်ခြင်းနှင့် မုန့်လုပ်သည့်နေရာ တဝိုက်တွင် ညစ်ပတ်၍ အနံ့ မကောင်းခြင်း စသည်တို့ကို တွေ့ရှိရ၍ နေပြည်တော်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး၌ တင်ပြခဲ့ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ (၁၉-၃-၂၀၁၈)ရက်နေ့တွင် ထပ်မံစစ်ဆေးခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် မှတ်ပုံတင်ရန် လျှောက်ထားခြင်းနှင့် စားသုံးရန်သင့် ထောက်ခံချက်ရရှိပြီးဖြစ်ကြောင်းတွေ့ရှိခြင်း၊ မုန့်ဖုတ် အလုပ်ရုံအားစနစ်တကျ ပြန်လည်ပြင်ဆင်ထားခြင်း စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်မှ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို အလေးထားလိုက်နာရန်နှင့် လုပ်ငန်းဆောင်ရွက်ရာ တွင် တာဝန်ယူမှုရှိ​သော အပြုအမူများဖြစ်ပေါ်စေရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ၁၉၊ ပုဒ်မခွဲ (ခ) အရ ပြင်းထန်စွာသတိပေးခြင်း ဆောင်ရွက်၍ ဝန်ခံကတိလက်မှတ် ရေးထိုးစေခြင်းအား (၁၇-၅-၂၀၁၈)ရက်နေ့တွင်ပြုလုပ်သော စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏(၂/၂၀၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ