မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ စိုက်ပျိုးရေးထွန်းကားရာနိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ စသည်တို့ကိုလည်းစိုက်ပျိုးကြောင်း၊ ပြည်တွင်းစိုက်ပျိုးရေးအနေဖြင့် နေ့စဉ်ချက်ပြုတ်စားသုံးသော စားသုံးဆီအတွက် မိမိတို့ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သော မြေပဲ၊ နှမ်း၊ နေကြာဆီများမှာ လုံလောက်မှုမရှိသည့်အတွက် စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှတင်သွင်း၍ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရပါသောကြောင့် ဆီထွက်သီးနှံများကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍စိုက်ပျိုးသည်။ အခြားတိုင်းပြည်နယ်များတွင်လည်း စိုက်ပျိုးကြောင်းသိရှိရပါသည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအများဆုံးစိုက်ပျိုးထွက်ရှိသောတိုင်းဖြစ်၍ မြန်မာပြည်၏ ဆီအိုးကြီးမြို့တော်ဖြစ်သော်လည်း ထွက်ရှိသော မြေပဲ၊ နှမ်းများကို ဆီကြိတ်ခွဲထုတ်လုပ်မှုနည်းပြီး ပြည်ပနိုင်ငံများသို့ အများဆုံးတင်ပို့မှုပြုလုပ်ခြင်းကြောင့် ပြည်တွင်းစားသုံးဆီမဖူလုံ၍ နိုင်ငံတော်တွင် ဆီသုံးစွဲမှုလိုအပ်ချက်များကြောင့် ယခုအခါတွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် နေကြာစိုက်ပျိုးမှုအနေဖြင့် စိုက်ဧက(၁) သိန်းခန့်ရှိသော်လည်း နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုအထောက်အကူပြုမည့် နေကြာသီးနှံများတိုးချဲ့စိုက်ပျိုးမှုကို ဆောင်ရွက်လျက်ရှိရာ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ဧက (၄၆၀၀၀၀) ခန့်ထိတိုးချဲ့စိုက်ပျိုးလာပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စိုက်ဧက(၅)သိန်းခန့်အထိစိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကိုအခြေပြု၍ လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးရေးအနေဖြင့် ဒေသစီးပွားဖြစ်ကြက်သွန်နီစိုက်ပျိုးရေးအပြင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စားသုံးမှုများပြားလျက်ရှိသော မြေပဲ၊ နှမ်း ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးနှံကိုမူ စိုက်ပျိုးမှုနည်းကြောင်းသိရှိရသည်။ မြို့နယ်အတွင်း၌ နေကြာကို (၂၀၀၀) ခုနှစ်မှ (၂၀၀၃)ခုနှစ်ထိ စိုက်ပျိုးမှုများခဲ့သော်လည်း စိုက်ပျိုးချိန်နှင့် နေကြာပွင့်များအဆံတည်ချိန်တို့တွင် ကျေးငှက်များ၏ဖျက်ဆီးမှုများခြင်းအပြင် ထွက်ရှိသည့်နေကြာများကို ဒေသတွင်းနေကြာဆီစားသုံးမှုနည်း၍ ဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် စိုက်ပျိုးမှုလျော့နည်းသွားကြောင်းသိရှိရပါသည်။ (၂၀၁၅)ခုနှစ်နောက်ပိုင်းတွင် ပြည်သူများ ကျန်းမာရေးအသိမြင့်မားလာပြီး နေကြာဆီစားသုံးမှုများလာခြင်းနှင့် သားရေစာအဖြစ် နေကြစေ့ကို နှစ်ခြိုက်စွာစားသုံးမှုများလာခြင်းအပြင် ဒေသခံတောင်သူများသည် မိသားစုစားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုပြန်လည်များလာကြောင်း၊ ယခင်ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂)တွင် စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုး၍ ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄)တွင် စိုက်ဧက(၇၀၀၀)ကျော်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် သီးညှပ်အဖြစ် မြေပဲ၊ ကုလားပဲ၊ ပြောင်းဖူးနှင့် ပဲနီကြားစိုက်ခင်းများတွင် ကြားညှပ်အတန်းလိုက် စိုက်ပျိုးကြောင်း၊ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ယခုဖေဖော်ဝါရီလတွင် နေကြာသီးနှံများကို စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်တောင်သူများသည် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နောက်ဘဏ္ဍာနှစ်များတွင်လည်း ဆီထွက်သီးနှံနေကြာကို ကုန်းတွင်းပိုင်းယာမြေများတွင် တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။
နေကြာစိုက်ပျိုးမှုနှင့်ဆီထွက်ရှိမှု
နေကြာစိုက်ပျိုးရာတွင် အထွက်တိုးရန်အတွက် စိုက်ပျိုးသည့်မျိုးသည် မျိုးကောင်းမျိုးသန့်ဖြစ်ဖို့ရန်လိုအပ်ပါသည်။ ဒေသတွင်းစိုက်တောင်သူများသည် မြို့နယ်စိုက်ပျိုးရေးဌာနမှ ဖြန့်ဝေပေးလျက်ရှိသည့် နေကြာမျိုးစေ့များကိုစိုက်ပျိုးကြပြီး ဆင်းရွှေကြာမျိုးကို အများဆုံးစိုက်ပျိုသည်။ နေကြာပင်အမြင့်သည် (၄)ပေမှ (၅)ပေအထိရှည်ပြီး အပွင့်အချင်းမှာ (၄)လက်မမှ (၉)လက်မအထိရှိသည်။ နေကြာတစ်ပွင့်တွင် အောင်စေ့ (၂၀၀မှ ၄၀၀ထိ)ပါရှိပြီး အစေ့တစ်စေ့တွင် ဆီပါဝင်မှု ၄၀ရာခိုင်နှုန်းခန့်ရှိပြီး ဆီထွက်နိုင်မှုမှာ နေကြာစေ့တစ်တင်းလျှင် အရည်အသွေးပေါ်မူတည်၍ ဆီ(၃)ပိဿာမှ (၄)ပိဿာထိထွက်ရှိသည်။ (၁)ဧကလျှင် မျိုးစေ့ကုန်ကျမှုအပေါ်မူတည်ပြီး တင်း(၂၅မှ ၃၀ထိ)ထွက်ရှိ၍ ဆီပိဿာ (၁၀၀)ကျော်ခန့်ထွက်ရှိကြောင်းသိရှိရသည်။ နေကြာစေ့မှကြိတ်ခွဲထွက်ရှိသည့် နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင်ပါဝင်သည်။ နေကြာစေ့သည် နေပူထဲတွင် အကာအကွယ်မရှိဘဲ ပွင့်သော ပန်းပွင့်၏အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ချေအလားအလာနည်းပါးပြီး သီးနှံတွင် အစိုဓာတ်နည်းကာ မှိုဆိပ်ပါဝင်မှုနည်းခြင်းကြောင့် နေကြာစေ့မှထွက်ရှိသော နေကြာဆီသည် လူတိုင်းကျန်းမာရေးအတွက် စားသုံးသင့်သည့် ဆေးဖက်ဝင်နေကြာဆီဖြစ်ပါသည်။ နေကြာပင်သည် ရာသီဥတုဖောက်ပြန်ချိန်တွင်လည်း တခြားသီးနှံများနှင့်မတူဘဲ အပင်သည် ယိုင်လဲမှုဒဏ်ခံနိုင်ရည်ရှိပြီး ရွက်ခြောက်ရောဂါဒဏ်ကိုလည်းခံနိုင်ရည်ရှိ၍ သဘာဝဘေးဒဏ်ကို ကာကွယ်နိုင်ခြင်းရှိသော နေကြာသီးနှံကို စိုက်တောင်သူများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။
နေကြာစားသုံးမှုကြောင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
လူအများစုက သားရေစာအဖြစ် နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိသည့် နေကြာစေ့သည် တခြားသာမန်သရေစာများကဲ့သို့မဟုတ်ဘဲ ခန္ဓာကိုယ်အလှအပနှင့် ကျန်းမာရေးအတွက်ပါ အကျိုးပြုကြောင်းသိရှိရပါသည်။ လေ့လာချက်များအရ နေကြာစေ့သည် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသည်။ မကြာခဏဝမ်းချုပ်တတ်သူများအနေဖြင့် တစ်နေ့လျှင် နေကြာစေ့လက်တစ်ဆုပ်ခန့်ပုံမှန်စားပေးပါက ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါသည်။ နေကြာစေ့တွင်ပါဝင်သော Vitamin-C နှင့် Vitamin-E ဓာတ်များသည် ခန္ဓာကိုယ်အတွက်မလိုအပ်သည့် ကိုလက်စထရောများကို လျှော့ချစေသောကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါအပြင် နှလုံးရောဂါဖြစ်ပွားနိုင်ချေနှင့် လေဖြတ်နိုင်ချေတို့ကိုလျော့နည်းစေသည်။ နေကြာစေ့တွင် သွေးတွင်းမှ မကောင်းသည့်ကိုလက်စထရောများကို လျှော့ချစေသည့် Fatty acid ပါဝင်သဖြင့် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် အထူးသင့်လျော်ပါသည်။
နေကြာဆီသည်မပြည့်ဝဆီအမျိုးအစားဖြစ်၍ လူတို့ကျန်းမာရေးအတွက် အထူးသင့်လျော်ပါသည်။ နေကြာဆီတွင် Vitamin-E များစွာပါရှိသဖြင့် နေရောင်ခြည်ကြောင့် အရေပြားပေါ်တွင်ဖြစ်စေသော တင်းတိတ်၊ မှဲ့ခြောက်များကိုပျောက်ကင်းစေပြီး ပါးရေတွန့်ခြင်းများကိုလည်းကာကွယ်ပေးနိုင်ပါသည်။ နေကြာဆီတွင်ပါဝင်သည့် Omega-6 သည် ဆံပင်ကိုနူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ကျွတ်ခြင်းကိုသက်သာစေခြင်း စသည့်အကျိုးကျေးဇူးတို့ကိုရရှိစေခြင်းနှင့် အခြားအာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေသဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိပါသည်။
လူသားတိုင်းသည် နေ့စဉ်နှင့်အမျှ ကျန်းမာစွာအသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားသောက်နေထိုင်ကြရာတွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ စပါးပြီးလျှင် ဒုတိယအများဆုံး စားသုံးဆီကို နေ့စဉ်နှင့်အမျှ မပါမဖြစ်စားသောက်ကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးဆီဖူလုံမှုမရှိ၍ ပြည်ပနိုင်ငံများမှ စားအုန်းဆီများတင်သွင်းလျက်ရှိပါသည်။ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပနိုင်ငံများမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ယခုအချိန်တွင် နိုင်ငံတော်အစိုးရမှ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးရန် နေကြာသီးနှံများတိုးချဲ့ စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိရာ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် ၎င်းကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ ပြည်တွင်း၌ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းဖြင့် လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများအနေဖြင့်လည်း ထုတ်ကုန်များကို တွင်းကျယ်စွာထုတ်လုပ်နိုင်ခြင်းဖြင့် စက်စွမ်းအားများမြင့်တက်၍ နိုင်ငံအတွင်းရှိ MSMEs အကြီးစား၊ အလတ်စား၊ အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးမှသည် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)