စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးသည် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် (၃.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူကုန်စည်ဒိုင် အသင်းဝင် ကုန်သည်ပွဲစား လုပ်ငန်းရှင်များ၏ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှု ဈေးနှုန်းဈေးကွက်အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းလေ့လာမှုအရ ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသော ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ၏ ဈေးနှုန်းဈေးကွက် တင်ပို့ဖြန့်ဖြူးမှုအခြေအနေကို ကုန်စည်ဒိုင်အသင်းဝင် ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်မှ ပြောကြားရာတွင် ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက် ၊ရေစကြိုမြို့နယ်များမှ သီးနှံပေါ်စ ဇန်နဝါရီလဆန်းမှစ၍ (၁)ရက်လျှင် ၁တင်းခွဲဝင်အိတ်(၃၀၀၀)၊ (၁၇၁) တန်ခန့် နေ့စဉ်ဝင်ရောက်လျက် ရှိကြောင်း၊ သီးနှံပေါ်စ ဇန်နဝါရီလဆန်းတွင် တစ်တင်းလျှင်(၃၅၀၀၀)ကျပ်မှ လလယ်တွင် (၄၅၀၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်ပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် (၄၂၅၀၀)ကျပ်သို့ ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ဈေးနှုန်းအတက်အကျ များစွာကွာဟမှုမရှိကြောင်း၊ ယခုနှစ် ပဲစဉ်းငုံ သီးနှံ ဈေးမှာ သီးနှံပေါ်စကပင် ဈေးကောင်းရရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် ပဲစဉ်းငုံ တစ်တင်းဈေးနှုန်းမှာ (၄၂၅၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်သို့ ဆီထွက်သီးနှံဖြစ်သော နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းညိုများလည်း ပခုက္ကူ၊ မြိုင်နှင့် ပေါက်မြို့နယ်များမှ ဇန်နဝါရီလဆန်းမှစ၍ နေ့စဉ်ဝင်ရောက်လျက်ရှိရာ (၁)ရက်လျှင် နှမ်းနက်(စမုံ) အိတ်(၁၀၀၀)၊ (၅၇)တန်ခန့်၊ နှမ်းဖြူ အိတ်(၁၀၀)၊ (၆)တန်ခန့်၊ နှမ်းညို(၂၅)အိတ်၊ (၁)တန်ခန့်၊ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုလဆန်းပိုင်းတွင် နှမ်းများ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ် ကြောင်း၊ ဈေးနှုန်းမှာ သီးနှံအရည်အသွေးကိုလိုက်၍ အမျိုးမျိုးကွဲပြားလျက်ရှိရာ နှမ်းနက်(စမုံ) တစ်တင်း လျှင် အမြင့်ဆုံးဈေး(၇၂၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၄၅၀၀၀)ကျပ်၊ နှမ်းဖြူ(၁)တင်းလျှင် အမြင့်ဆုံးဈေး (၅၃၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၅၀၀၀၀)ကျပ်၊ နှမ်းညို (၁)တင်းလျှင် အမြင့်ဆုံးဈေး(၄၁၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၃၈၀၀၀)ကျပ်အထိ ဈေးနှုန်းရှိ ကြောင်း သိရှိရပါသည်။
ယခင်နှစ်တွင် နှမ်းဖြူနှင့် နှမ်းညိုမှာ ပခုက္ကူဒေသတွင်းနှင့် ရန်ကုန်သို့ အဓိက တင်ပို့လျက်ရှိပြီး၊ နှမ်းနက်(စမုံ)မှာ ပြည်တွင်းသုံးစွဲမှု သာမကဘဲ ပြည်ပပို့ကုန်အဖြစ် မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရကြောင်း၊ ယခုနှစ် သီးနှံပေါ်စအချိန်တွင် ပခုက္ကူကုန်စည်ဒိုင်မှ တစ်ဆင့် ကုန်သည်ပွဲစားများ ထံသို့ ဝင်ရောက်လျက်ရာ ကုန်စည်ဒိုင်တွင် ဈေးဖြတ်၍ ဝယ်ယူထားသော နှမ်းများကို မြို့ပေါ်ရှိ ကုမ္ပဏီပိုင်ရှင်အချို့မှ အိတ်ရေ(၃၀၀၀၀)ခန့်၊ နှမ်းတန်ချိန်(၁၇၁၅)တန်ခန့် ဝယ်ယူထားပြီး ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းရှိ မကွေး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကုမ္ပဏီလုပ်ငန်းရှင်များထံသို့သာ ပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)