အာဆီယံ-ဂျပန်စင်တာ၏ ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ရန်ပုံငွေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ကျင်းပ ပြုလုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံး ကန့်သတ်ချက်များဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် မင်္ဂလာခန်းမ၊ UMFCCI (ရန်ကုန်မြို့) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဂျပန်ပဲအသင်းမှ ဒါရိုက်တာ Mr. Yamamoto Shinya နှင့် စီမံကိန်းညှိနှိုင်းရေးမှူး Dr. Nguyen Tuan Anh၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံသို့ ပဲမျိုးစုံတင်ပို့သည့်ကုမ္ပဏီများ၊ အဝယ်ဒိုင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက Online မှတစ်ဆင့် တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို နည်းပညာဆိုင်ရာစံသတ်မှတ်ချက်များ မြင့်မားသည့် ဈေးကွက်များဖြစ်သော ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုပါ အဓိကထားတင်ပို့လျက်ရှိရာ စံ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမှသာ ဈေးကွက်တည်မြဲရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်မည် ဖြစ် ပါကြောင်း၊ ဂျပန်နိုင်ငံသို့ ထောပတ်ပဲနှင့် ပဲတီစိမ်းတင်ပို့သည့် အချို့ဖြစ်စဉ်များတွင် Thiamethoxam နှင့် Cyanide စသည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏသည် ဂျပန်နိုင်ငံ၏ သတ်မှတ်ချက်ထက် အနည်း ငယ်ကျော်လွန်နေသည့်အတွက် စွန့်ပစ်ခြင်း (သို့မဟုတ်) ပြန်လည်တင်ပို့ခံရခြင်းများ တစ်ခါတစ်ရံ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ထိုသို့သော ဖြစ်ပေါ်မှုများကို လျှော့ချဖြေရှင်းနိုင်ရန်အတွက် စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ၏ ထောက်ပံ့မှု ကွင်းဆက် တစ်လျှောက် ပါဝင်ပတ်သက်သည့် တောင်သူများ၊ တစ်ဆင့်ခံအဝယ်တော်များ၊ ပြုပြင် ထုပ်ပိုးသူများ (Processors)၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဂျပန် နိုင်ငံ၏ သွင်းကုန်ဆိုင်ရာ အခြေအနေများ၊ စျေးကွက် လိုအပ်ချက်များ၊ ပိုးသတ်ဆေးဓာတ်ကြွင်းဆိုင်ရာ ကန့်သတ်ချက်များ၊ စံချိန် စံညွှန်းများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေနှင့် သတ်မှတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဝယ်လက်နိုင်ငံမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ယခုကဲ့သို့ အသိပညာမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပိုးသတ်ဆေး ဓာတ်ကြွင်း ဆိုင်ရာအမြင့်ဆုံးကန့်သတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံကဲ့သို့ နည်းပညာ စံသတ်မှတ်ချက်များမြင့်မားသည့် ဈေးကွက်များအပြင် အခြားသောဈေးကွက်အခွင့်အလမ်းများ၊ ဈေးနှုန်းများ ပိုမိုရရှိလာမည်သာမက ပြည်တွင်းစားသုံးသူများအတွက်လည်း အစားအစာ ပိုမိုဘေးကင်း လုံခြုံစိတ်ချရမှုရှိစေမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုလုပ်ငန်းစဉ်တစ်လျှောက် ပိုးသတ် ဆေးကို စနစ်တကျသုံးစွဲရေးနှင့် ဝယ်ယူသည့်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာအရည်အသွေး သတ်မှတ်ချက် များနှင့်အညီတင်ပို့နိုင်ရေးတို့အတွက်ယခုကဲ့သို့အသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ကုန်သည်များနှင့် ပို့ကုန်တင်ပို့သူ များပါ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က Online မှတစ်ဆင့် ဝမ်းမြောက်ကြောင်း အမှာစကား ပြောကြားခြင်း၊ အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းညှိနှိုင်းရေးမှူး Dr. Nguyen Tuan Anh က နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဂျပန်နိုင်ငံသို့ တင်ပို့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဂျပန်ပဲအသင်း၊ စိုက်ပျိုးရေးနှင့် သုတေသနဌာနမှ ဒါရိုက်တာ Mr. Yamamoto Shinya က “Stories from Japan: Japan Market for Beans” နှင့် “Exploring the potential: Sharing from Mung Bean Importer from Japan” ခေါင်းစဉ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ပို့ကုန်တင်ပို့သူများ၊ အဝယ်ဒိုင်များနှင့် တောင်သူ များ က သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
နေ့လယ်ပိုင်းအလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဂျပန်နိုင်ငံ ပဲအသင်း၊ စိုက်ပျိုးရေးနှင့် သုတေသန ဌာနမှ ဒါရိုက်တာ Mr. Yamamoto Shinya က ပဲတင်ပို့သူများ၊ အဝယ်ဒိုင်များ၊ တောင်သူများအား ဂျပန်နိုင်ငံသို့ ပဲတင်ပို့ခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံသို့ ပဲတင်ပို့လျက်ရှိသည့် အသင်းဝင်ပို့ကုန် ကုမ္ပဏီများအနက်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ထောပတ်ပဲနှင့် နှမ်းတန်ချိန်အများဆုံးတင်ပို့ခဲ့သည့် New Golden Gate (1991) Co., Ltd. ၏ စက်ရုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ITQM (DOCA)