မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် မြေလတ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ၊ ရေနံလုပ်ငန်းများအပြင် စားသောက်ကုန်လုပ်ငန်းများနှင့် အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသလို လုပ်ငန်းကြီးများအဖြစ် တိုးချဲ၍လည်းလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။
အထက်မင်းလှမြို့ပေါ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိပြီး စီးပွားရေးလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြသည့်အနက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဖြစ်သော သံသေတ္တာလုပ်ငန်းကိုလုပ်ကိုင်သည့် လုပ်ငန်းရှင်မှာ (၂)ဦးရှိပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်သည့်လုပ်ငန်းရှင်မှာ (၆)ဦးခန့်ရှိကြောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ဦးကျော်ဦးပိုင်ဆိုင်သည့် ဆန်းသစ်သံသေတ္တာလုပ်ငန်းမှာ မိဘလက်ထက်ကတည်းကလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းသက်တမ်းအနေဖြင့် နှစ်ပေါင်း(၅၀)နီးပါးရှိပြီဖြစ်ကြောင်းသိရှိရပါသည်။ ထုတ်လုပ်ရောင်းချသည့် လူသုံးကုန်ပစ္စည်းများမှာ သံသေတ္တာအမျိုးမျိုး၊ ဆန်ထည့်ပုံးများ၊ အပင်ရေလောင်းသည့်ရေပန်းများ၊ စားဆီထည့်သည့်ကတော့များ၊ ဓာတ်ဆီထည့်သည့် ဂါလန်ပုံးများနှင့် ကတော့များ၊ ရွှေကျင်သည့်ဗန်းများ၊ စားဆီချင်တွယ်သည့်ဆီမှုတ်များ၊ ရေခဲပုံးများနှင့် ကျောက်စည်အဖုံးများထုတ်လုပ်ရောင်းချကြောင်း၊ အသုံးပြုရသည့်ကုန်ကြမ်းများမှာ ပေပါအဟောင်းများ၊ သွပ်ပြားအပါးများ၊ သံညိုပြားများနှင့် သံပြားပါးများ၊ ဆေးပုံးများဝယ်ယူအသုံးပြုကြောင်း၊ သန့်သည့်ဆီပေပါအဟောင်းတစ်လုံးလျှင် ကျပ်(၂၀၀၀၀)၊ အနည်းငယ်ညံ့သည့် ဆီပေပါတစ်လုံးလျှင် ကျပ်(၁၈၀၀၀)၊ (မီးရှို့ပြီး ပိုင်းပြီးသား)ကတ္တရာပေပါတစ်လုံးလျှင် ကျပ်(၁၂၀၀၀)၊ သွပ်ပြားအပါးကို ရန်ကုန်မှဝယ်ယူရပြီး တစ်ပိဿာလျှင် ကျပ်(၄၇၀၀)၊ သံပြား၊ သံညိုပြားများကို တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၅၀၀)၊ သုတ်ဆေးတစ်ဘူးလျှင် ကျပ်(၁၀၀၀၀မှ ၅၀၀၀၀)အထိဈေးပေး၍ ဝယ်ယူရကြောင်း၊ မိမိသံသေတ္တာလုပ်ငန်းအနေဖြင့် တစ်နှစ်လျှင် ကုန်ကြမ်းအနေဖြင့် ပေပါအလုံးရေ (၇၀၀)ခန့်အသုံးပြုရကြောင်း၊ ထုတ်ကုန်များကို ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းအနေဖြင့် သံသေတ္တာတစ်လုံးလျှင် အကြီး၊ အလတ်၊ အသေး စသည့်အရွယ်အစားအလိုက် ကျပ်(၂၇၀၀၀မှ ၂၀၀၀၀၀)ကျော်၊ ဆန်ထည့်သည့်ပုံးများကို အကြီး၊ အသေးအလိုက် ကျပ်(၇၀၀၀မှ ၁၂၀၀၀)၊ စားဆီထည့်သည့် ကတော့မှာ အကြီး၊ အသေးအလိုက် ကျပ်(၁၅၀၀-၃၀၀၀-၅၀၀၀)၊ ဓာတ်ဆီထည့်သည့် ကတော့အကြီးတစ်ခုလျှင် ကျပ် (၂၅၀၀၀)၊ ကျောက်စည်အဖုံး(အကြီး၊ အသေးအလိုက်)တစ်ခုလျှင် ကျပ်(၅၀၀၀-၁၅၀၀၀)မှ ကျပ် (၂၀၀၀၀)ကျော်၊ ရေပန်းတစ်ခုလျှင် အကြီး၊ အသေးပေါ်မူတည်၍ ကျပ်(၃၅၀၀-၄၅၀၀-၇၅၀၀-၁၀၀၀၀)၊ ရေခဲပုံးတစ်ပုံးလျှင် အကြီး၊ အလတ်၊ အသေးဟူ၍ရှိပြီး ပုံးအထဲတွင် ဖော့ပါခံထားပြီး တစ်ပုံးလျှင် ကျပ်(၂၀၀၀၀မှ ၂၅၀၀၀)၊ ဓာတ်ဆီထည့် ဂါလံတစ်ခုလျှင် ကျပ်(၆၀၀၀)၊ ရွှေကျင်သည့် ဗန်းတစ်ချပ်လျှင် ကျပ်(၁၅၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကုန်ကြမ်းနှင့် အော်ဒါမှာယူကြသည့်အပေါ်မူတည်၍ ဈေးအနိမ့်အမြင့်ကွာခြားချက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်အပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း၊ ရောင်းအားအနေဖြင့် ပုံမှန်တစ်လလျှင် ကျပ်(၂၀၀၀၀၀)အထက် ရောင်းချရလေ့ရှိကြောင်း၊ မင်္ဂလာဆောင်များ၊ အလှူပွဲများနှင့် ကျောင်းဖွင့်ချိန်ကာလများတွင် သံသေတ္တာရောင်းအားမှာ အရောင်းရဆုံးကာလများပင်ဖြစ်ကြောင်း၊ ယခင်က မိမိသံသေတ္တာလုပ်ငန်းတွင် အလုပ်သမားဦးရေမှာ (၂၀)ဦးခန့်ရှိပြီး ကိုဗစ်ကာလတွင် လုပ်ငန်းအခက်အခဲများဖြစ်ပေါ်ခဲ့သောကြောင့် ယခု ၂၀၂၄ခုနှစ်တွင် အလုပ်သမားဦးရေမှာ (၂)ဦးခန့်သာရှိကြောင်း၊ အလုပ်သမားတစ်ဦး၏ လုပ်အားခမှာ တစ်နေ့လျှင် သံသေတ္တာလုပ်နိုင်သည့် အရေအတွက်ပေါ်မူတည်၍ အနည်းဆုံး ကျပ်(၂၅၀၀၀)ပေးရကြောင်း၊ သံသေတ္တာပြုလုပ်ရာတွင် အသုံးပြုရသည့် တစ်လက်မခန့်အထူရှိသည့် ပေခုံတစ်ချပ်လျှင် ကျပ်(၃၀၀၀၀၀) ခန့်ပေးရကြောင်း၊ ယခုအချိန်တွင် သံသေတ္တာလုပ်ငန်းကို လုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သိန်း(၅၀)အထက်ကုန်ကျနိုင်ကြောင်း၊ ယခင်နှစ်ထက် ယခု၂၀၂၄ခုနှစ်တွင် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လာသည့်အတွက် ထုတ်လုပ်ရောင်းချသည့် ကုန်ချောပစ္စည်းဈေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း၊ မိမိလုပ်ငန်းမှာ လုပ်ငန်းလိုင်စဉ်မှတ်ပုံတင်ထားပြီး လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ်ချက်ရှိကြောင်း၊ သံသေတ္တာလုပ်ငန်းအပြင် စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကိုလည်းလုပ်ကိုင်ကြောင်း အမှတ်(၄)ရပ်ကွက်နေ သံသေတ္တာလုပ်ငန်းပိုင်ရှင် ဦးကျော်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)