![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/108_17.jpg?itok=IuCr7vsE)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီများအပြင် နွေကြက်သွန်နီ (ပင်စိုက်) များလည်း ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)(၁)ရက်နေ့မှ (၇)ရက်နေ့ထိ လှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ်သည့် ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ပိဿာ (၆)သောင်းခန့်၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၄)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။
ကြက်သွန်နီဈေးကွက်အနေဖြင့် မတ်လ(ပထမပတ်)တွင် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီနှင့် နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၅၇၅)၊ အလတ်စ ကျပ်(၂၃၇၅)၊ အနိမ့်စ ကျပ်(၁၈၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီလ (စတုတ္ထပတ်) တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စအမြင့်ဈေး ကျပ်(၂၆၀၀)၊ အလတ်စ ကျပ်(၂၄၅၀)၊ အနိမ့်စ ကျပ်(၁၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ယခင်ဖေဖော်ဝါရီလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ကြည့်လျှင် ယခုမတ်လ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ထိပ်စ ကျပ်(၂၅)၊ အလတ်စ ကျပ်(၇၅)၊ အနိမ့်စ ကျပ်(၁၀၀)ခန့်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထိုသို့ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ယခုမတ်လ (ပထမပတ်) တွင် ပင်စိုက်နွေကြက်သွန်နီကုန်ချိန်ပိဿာဝင်ရောက်မှုများလာခြင်းနှင့် ပြည်ပဝယ်လိုအား ဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်းသိရှိရသည်။
ဆိပ်ဖြူမြို့မှထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့များ၌ မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်းခန့်၊ တန်ချိန်အားဖြင့် (၆၃၅)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)