အနောက်ဘင်ဂယ်၌ အထွက်နည်းပါးခြင်းက အိန္ဒိယ၏ ဆန်ထုတ်လုပ်မှု ကျဆင်းစေ

Powered by Drupal

      အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ် ပြန်သော သီးနှံအထွက်ပမာဏ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံတွင် ထိပ်တန်း စပါးစိုက်ပျိုး သည့် အနောက်ဘင်ဂယ်ဒေသသည် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ (ဇူလိုင်လ-ဇွန်လ) အတွင်း ဆန်စပါးထုတ်လုပ်မှု စတုတ္ထနေရာသို့ ကျဆင်းခဲ့ကြောင်း၊ နွေစပါးသီးနှံ ထွက်ရှိမှုကို ထည့်သွင်း တွက်ချက်လျှင်ပင် ထုတ်လုပ်မှု အနည်းငယ်တိုးတက်ရုံသာရှိပြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင် မည် မဟုတ်ကြောင်း၊ တဲလန်ဂါနာပြည်ကမူ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက် ဥတာပရာဒေ့ရှ်ပြည်နယ်၏ နောက်တွင် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ကြောင်း သိရှိရပါသည်။

     စပါးစိုက်ဧရိယာ၊ ထုတ်လုပ်မှုနှင့် အထွက်နှုန်း ကိန်းဂဏန်းအချက်အလက်များကို လေ့လာ စိစစ်မှုများအရ အနောက်ဘင်ဂယ်ပြည်နယ်တွင် ဆန်စပါးထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။ ၂ဝ၁၉-၂ဝ ခုနှစ်၌ တစ်နိုင်ငံလုံး၏ ဆန်စပါးထုတ်လုပ်မှုတွင် ဆန်တန်ချိန် ၁၅.၈၈ သန်းဖြင့် ၁၃.၃၆% ပါဝင်လျက် ထိပ်ဆုံးအဆင့်၌ ရပ်တည်ခဲ့ရာမှ ၂ဝ၂၃-၂၄ ခုနှစ်တွင်မူ ၉.၃% ပါဝင်မှုဖြင့် ဆန်တန်ချိန် ၁၁.၅၂ သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ အတွင်း အနောက်ဘင်ဂယ်ပြည်နယ်၏ မိုးစပါးဧရိယာမှာ ဟက်တာ ၄.ဝ၁ သန်းရှိပြီး နွေရာသီတွင် စိုက်ပျိုးမည့် ဟက်တာ ၁ သန်း ပါဝင်ပါက စုစုပေါင်းစပါးစိုက်ဧရိယာ ဟက်တာ ၅ သန်းရှိမည်ဖြစ် သည်။ အဆိုပါပြည်နယ်၌ ၂ဝ၁၉-၂ဝ၂ဝ တွင် စပါးစိုက်ဧရိယာ ဟက်တာ ၅.၄၉ သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

    အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက အနောက်ဘင်ဂယ်တွင် ရာသီဥတုဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးမှုမှာ နှေးကွေးလျက်ရှိကြောင်း၊ ထို့အပြင် ဗဟိုအစိုးရ၏ အရန်ဆန်အတွက် ဝယ်ယူမှုမှာလည်း နည်းပါးကြောင်း၊ တဲလန်ဂါနာ၊ အန္တရာပရာဒေ့ရှ်၊ ဩဒိသျှနှင့် ချတ္တူဂါ ပြည်နယ် များကဲ့သို့ စိုက်ပျိုးရေပေးဝေနိုင်မည့် ဆည်မြောင်းစနစ်ကိုလည်း တည်ဆောက်ထားမှုမရှိကြောင်း၊ အနောက်တောင် မုတ်သုံလေ တိုက်ခတ်သည့်ကာလ၌ နှစ်စဉ် ပုံမှန်မိုးရေချိန် ၁၃၄.၄၂ စင်တီမီတာ အထိ ရရှိမှုအပေါ် အမှီပြုနေသည့် မိုးကောင်းသောက်လယ်မြေများတွင်သာ စပါးစိုက်ပျိုးခြင်းဖြစ် ကြောင်းဖြင့် စိုက်ပျိုးရေးသိပ္ပံပညာရှင်တစ်ဦးက ပြောဆိုခဲ့သည်။

    အစိုးရအရင်းအမြစ်များ၏ ပြောကြားချက်များအရ အနောက်ဘင်ဂယ် ပြည်နယ်၌ သာမန် စပါးမျိုးများကို စိုက်ပျိုးမှုနည်းပါးကြောင်း၊ ယေဘုယျအားဖြင့် လယ်သမားများသည် စပါးများကို အစိုးရကသတ်မှတ်သည့် အထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်း အောက်၌သာ ရောင်းချရကြောင်းနှင့် ပုံမှန်အားဖြင့် အထွက်နှုန်းနိမ့်ကျသည့် ရနံ့မွှေးပျံ့သော ရှေးရိုးစဉ်လာစပါးမျိုးများကို ပြောင်းလဲ စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

    ဆန်တန်ဖိုးမြှင့်တင်ရန် ရည်ရွယ်လျက် အိန္ဒိယအစိုးရသည် အနောက်ဘင်ဂယ်ဒေသထွက် ဘာစမာတီမဟုတ်သောဆန် (၅) မျိုးအတွက် အဆင့်အတန်းသတ်မှတ်ခြင်းနှင့် ဈေးကွက်ရှာဖွေ ခြင်းဆိုင်ရာ စည်းမျဉ်းများကို ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂ဝ၂၂-၂၃ ခုနှစ်၌ အိန္ဒိယ တစ်နိုင်ငံလုံးတွင် အရန်ဆန်ဝယ်ယူမှု တန်ချိန် ၅၆.၈၇ သန်းရှိသည့်အနက် အနောက်ဘင်ဂယ် ဒေသမှ ဝယ်ယူမှုမှာ တန်ချိန် ၂.၁၈ သန်း ပါဝင်ခဲ့ပါသည်။

    ၂ဝ၂၃-၂၄ ခုနှစ်အတွက် ခန့်မှန်းချက်များအရ တဲလန်ဂါနာပြည်နယ်သည် ဆန်တန်ချိန် ၁၆.ဝ၃ သန်းထုတ်လုပ်လျက် တစ်နိုင်ငံလုံး ဆန်စပါးထုတ်လုပ်မှု၌ ၁၂.၉၄% ပါဝင်မှုရှိကြောင်း၊  ၂၀၁၉-၂၀ ခုနှစ်တွင်မူ ၎င်းဒေသသည် ၆.၂၅% ဖြင့် ဆဋ္ဌမနေရာသာ ရရှိခဲ့ကြောင်း၊ ဥတာပရာဒေ့ရှ် ပြည်နယ်သည် ၂ဝ၂၃-၂၄ ခုနှစ်၌ ဆန်တန်ချိန် ၁၆.၃ သန်းထုတ်လုပ်လျက် ဝေစုအများဆုံး ၁၃.၁၆% ဖြင့် ပထမနေရာကို ရယူထားကြောင်း သိရှိရပါသည်။

    ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်များတွင် ရေရှားပါးမှုကြောင့် စပါးသီးနှံမှ အခြားသီးနှံများ သို့ ပြောင်းလဲစိုက်ပျိုးရန်  အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ ထိုသို့ မြောက်ပိုင်း ပြည်နယ်များ၌ လယ်သမားများက အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးပါက လျော့နည်းမည့် စပါးပမာဏကို ကာမိအောင် တဲလန်ဂါနာ၊ ချတ္တူဂါ၊ ဩဒိသျှနှင့် အနောက်ဘင်ဂယ်ဒေသများ စုပေါင်း၍  စိုက်ပျိုး ထုတ်လုပ်ပေးနိုင်ကြောင်း၊ သို့သော် မြောက်ပိုင်းပြည်နယ်‌ဒေသများ၌ အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးမှုကို အပြည့်အဝ လုပ်ဆောင်ချိန်တွင် အနောက်ဘင်ဂယ်ဒေသမှ ဆန်စပါးထုတ်လုပ်မှု လျော့နည်းကျဆင်းခြင်းသည် အိန္ဒိယနိုင်ငံအတွက် ကောင်းမွန်သောအလားအလာမဟုတ်သဖြင့် အစိုးရအနေဖြင့် ၎င်းပြည်နယ်၌ စပါးစိုက်ပျိုးမှုအပေါ် အလေးထားဆောင်ရွက်သွားသင့်ကြောင်း ဖြင့် လယ်ယာစီးပွားရေးရာပညာရှင် SK Singh က ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line , March 11, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)