ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၄.၁ သန်းအထိ ပိုမိုတင်သွင်းရဖွယ်ရှိ

Powered by Drupal

         ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်းကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက် လက်တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏထက် ပိုမို၍  ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။

       အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန (USDA) ရှိ ပြည်ပစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန က ဖိလစ်ပိုင်အနေဖြင့် ယခုနှစ်တွင် ဆန်မက်ထရစ်တန် ၃.၉ သန်း တင်သွင်းရမည်ဟု ဖေဖော်ဝါရီ လ၌ ခန့်မှန်းထားခဲ့ရာမှ ပြည်တွင်းထုတ်လုပ်မှုမှာ အနည်းငယ်မျှသာ ထွက်ရှိနိုင်သဖြင့် တန် ၂ သိန်း ထပ်မံတိုးမြှင့်ပြီး တန်ချိန် ၄.၁ သန်းအထိ တင်သွင်းရနိုင်ကြောင်း ပြင်ဆင်ခန့်မှန်းခဲ့သည်။ ၎င်းပမာဏသည် ၂၀၂၃ ခုနှစ်တွင် တင်သွင်းခဲ့သော ဆန်တန်ချိန် ၃.၆ သန်းအပေါ် ၁၄% ခန့် ပိုမို မည်ဖြစ်သည်။

     အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ၀ယ်လိုအား မြင့်မားခြင်းကြောင့် ကမ္ဘာ့ဆန် တင်သွင်းမှုသည် မက်ထရစ်တန် ၅၂.၃၈ သန်းမှ ၅၃.၃  သန်းအထိ တိုးလာမည်ဟု USDA ဌာန၏ အစီရင်ခံချက်နှင့် နောက်ဆုံးခန့်မှန်းချက်မှာ ကိုက်ညီလျက်ရှိပါသည်။ ဖိလစ်ပိုင်၏နောက်တွင် အင်ဒိုနီးရှား၊ တရုတ်နှင့် ဥရောပသမဂ္ဂ တို့သည် ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံများအဖြစ် ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းထားသည်။

      ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို (Bureau of Plant Industry) ၏ စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၂ လတွင် ဆန်မက်ထရစ်တန် ၇၂၈၂၅၄.၄၉ တန်ကို တင် သွင်းခဲ့ကြောင်း၊ ယခင်နှစ်များ၌နည်းတူ ဗီယက်နမ်နိုင်ငံထံမှ ၃၉၀၉၉၇.၂၂ တန်ဖြင့် အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

      ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၂၀.၀၆ သန်း ထုတ်လုပ်နိုင် ခဲ့ပြီး ၁.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ အချက်အလက်များအရ သိရပါသည်။ အဆိုပါ ပမာဏသည် ၂၀၂၁ ခုနှစ်၌ စံချိန်တင်ထွက်ရှိသည့် ဆန်မက်ထရစ်တန်ချိန် ၁၉.၉၆ သန်းကို ကျော်လွန်ခဲ့သည်။ Central Luzon ဒေသသည် ဆန် တန်ချိန် ၃.၆၄ သန်း သို့မဟုတ် ၁၈.၁% ပါဝင်မှုဖြင့် ဆန်စပါးဦးဆောင်ထုတ်လုပ်ခဲ့ပြီး ၎င်း၏ နောက်၌ Cagayan Valley နှင့် Western Visayas ဒေသများသည် ဆန်တန်ချိန် ၃.၀၃ သန်းနှင့် တန်ချိန် ၂.၂၆ သန်း အသီးသီး ထုတ်လုပ်မှုရှိခဲ့ကြသည်။

        PSA ၏ ကိန်းဂဏန်းများကို အခြေခံတွက်ချက်မှုအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဖူလုံမှုအဆင့်သည် ၂၀၂၁ ခုနှစ်တွင် ၈၁.၅% ရှိရာမှ ၂၀၂၂ ခုနှစ်၌ ၇၇% သို့ ကျဆင်းခဲ့ကြောင်း၊ ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၈ ခုနှစ်တွင် ဆန်ဖူလုံမှုကို ၉၇% အထိ ရရှိရန် ရည်မှန်းလျက် ဆန်စပါးလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: Philippine Daily Inquirer, March 11, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)