ပဲစင်းငုံနှင့် ပဲနီလေးတို့အား တောင်သူများထံမှ အိန္ဒိယအစိုးရ တိုက်ရိုက်ဝယ်ယူ

Powered by Drupal

အရန်ရိက္ခာ လျော့ပါးလာမှုကို ဖြည့်ဆည်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများ တည်ငြိမ်စေရန် အားထုတ်မှုအဖြစ် အိန္ဒိယအစိုးရသည် တောင်သူများထံမှ ပဲစင်းငုံတန်ချိန် ၄ သိန်းနှင့် ပဲနီလေးတန်ချိန် ၂ သိန်းတို့ကို အနိမ့်ဆုံးထားရှိ အာမခံသည့် ဝယ်ယူရေးဈေးနှုန်း (minimum assured procurement price - MAPP) သို့မဟုတ် ပြောင်းလဲမှုရှိသော ကြားခံဝယ်ယူရေးဈေးနှုန်း (dynamic buffer procurement price - DBPP) တို့အနက် ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း အိန္ဒိယ Mint သတင်းဌာနက ဖော်ပြထားပါသည်။

    ပဲစင်းငုံနှင့် အချို့သောပဲမျိုးများ၏ ထုတ်လုပ်မှုနည်းပါးခြင်းက ဈေးကွက်အတွင်း ဈေးနှုန်းများ ခိုင်မာမြင့်မားမှုကို ဖြစ်ပေါ်စေပြီး အစိုးရ၏ အရန်ရိက္ခာ ပဲလက်ကျန်ပမာဏ ကျဆင်းလျက်ရှိမှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနသည် အရန်ထားရှိရန် လိုအပ် သော ပဲစင်းငုံနှင့် ပဲနီလေး စုစုပေါင်း၏ ၈၀% ခန့် ကို တောင်သူများထံမှ အထက်ပါ ဝယ်ယူရေး ဈေးနှုန်းစနစ်ဖြင့် တိုက်ရိုက်ဝယ်ယူစုဆောင်းရန် ရည်ရွယ်ထားသည်။

  အဆိုပါ ဈေးနှုန်းစနစ် ၂ ရပ်တွင် MAPP ဈေးနှုန်းသည် ဝယ်ယူရေးဆောင်ရွက်သည့် ခရိုင်အတွင်း ဝယ်ယူမည့်နေ့မတိုင်မီ ၃ ရက်တာ၌ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် ဈေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်ရရှိသော အလေးပေးပျမ်းမျှဈေးနှုန်းဖြစ်သည်။ DBPP ဈေးနှုန်းမှာမူ ဝယ်ယူ‌ ရေး လုပ်ဆောင်သည့်နေ့ရက်၊ ၎င်းနေ့မတိုင်မီ ၃ ရက်နှင့် ၎င်းနေ့၏နောက်ပိုင်း ၃ ရက်တို့တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအပေါ် အခြေခံတွက်ချက်ရရှိသည့် အလေးပေးပျမ်းမျှဈေးနှုန်းဖြစ်သည်။

    အစိုးရ၏ ဝယ်ယူရေးအစီအစဉ်အောက်တွင် အမျိုးသား လယ်ယာထွက်ကုန် သမဝါယမ ဈေးကွက်မြှင့်တင်မှု အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) တို့သည် ကြိုတင်မှတ်ပုံတင်ထားသည့် လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူမည်ဖြစ် သည်။ အေဂျင်စီ ၂ ခုသည် ဝယ်ယူရေး စတင်ဆောင်ရွက်ခဲ့သော ယခုနှစ် ဇန်နဝါရီလ၌ ပဲစင်းငုံ တန်ချိန် ၈၀၀၀ ခန့် ဝယ်ယူနိုင်ခဲ့သည်။ ပဲနီလေးကိုမူ မတ်လ၌ စတင်ဝယ်ယူမည်ဖြစ်သည်။

    သမဝါယမဝန်ကြီး Mr. Amit Shah သည် ဇန်နဝါရီလတွင် ကျင်းပခဲ့သော အစိုးရ၏ ပဲစင်းငုံ ဝယ်ယူရေး အင်တာနက်စင်္ကြန်တစ်ရပ်အား လွှင့်တင်သည့် အခမ်းအနားကို တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။ အဆိုပါ အခမ်းအနား၌ ၂၀၂၇ ခုနှစ်တွင် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိစေရန် အစိုးရက ရည်မှန်းထားသည်ဟု Mr. Amit Shah က ပြောကြားခဲ့သည်။ မတ်ပဲ၊ ပဲနီလေးနှင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် တောင်သူများအတွက် အလားတူ ဝယ်ယူရေးစင်္ကြန် များကို မကြာမီ လွှင့်တင်ဖွယ်ရှိသည်။

     အစိုးရက အထောက်အပံ့ပြုဝယ်ယူပေးသည့် သီးနှံအခြေခံရည်ညွှန်း ဈေးနှုန်းများအား မြှင့် တင်မှုနှင့်အတူ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် အတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ သို့သော် ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖူလုံမှုရရှိနိုင်ရန် မှာ စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုအဆင့်များ၌ ရာသီဥတု၏ အနှောင့် အယှက်ပေးမှုက ပြီးခဲ့သောနှစ်ကာလတစ်လျှောက် ပဲစင်းငုံစိုက်ပျိုးမှုအတွက် မျက်နှာသာပေး သည့် ဈေးနှုန်းများကို ဖြစ်ပေါ်စေခဲ့သည်။ သီးနှံအထွက်ကို တိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှုများ ပြုသော်လည်း အိန္ဒိယ၏ ပဲစင်းငုံ ထုတ်လုပ်မှုမှာ ပြည်တွင်းစားသုံးမှုကို လုံလောက်စွာ ဖြည့်ဆည်း နိုင်မှုမရှိပဲ ပြတ်လပ်မည့် အခြေအနေရှိကြောင်း ခန့်မှန်းရသည်။

      မဟာရဋ္ဌ၊ ကာနာတကာနှင့် အန္တရာပရာဒေ့ရှ် တို့ကဲ့သို့သော အဓိကစိုက်ပျိုးထုတ်လုပ်ရာ ပြည်နယ်များရှိ ကုန်စည်ဈေးကွက်များတွင် ပဲစင်းငုံဈေးနှုန်းများ မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံး၌ လက်လီရောင်းဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် သိသာစွာ မြင့်တက်လာခဲ့သည်။ ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှုမှာ ဇန်နဝါရီလ၌ ၁၉.၅% ရှိရာမှ ဖေဖော်ဝါရီလတွင် ၁၈.၉% သို့ အနည်းငယ် ကျဆင်းမှုရှိသော်လည်း ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဖောင်းပွမှု ၄.၁% နှင့် နှိုင်းယှဉ်ပါက မြင့်မားနေဆဲဖြစ်သည်။ ဤအချက်က ဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် လုံလောက်သည့် ကုန်စည်ရောင်းလိုအား ဖြစ်ပေါ်စေရေးတို့အတွက် ကြိုတင်စီမံဆောင်ရွက်မှုများ လုပ်ဆောင် ရန် လိုအပ်ကြောင်း ညွှန်ပြလျက်ရှိသည်။

     အိန္ဒိယနိုင်ငံတွင် မဖြစ်မနေ သိုလှောင်ထားရှိရမည့် ပဲမျိုးစုံ အရန်ရိက္ခာပမာဏ သတ်မှတ်ချက်မှာ တန်ချိန် ၃၁ သိန်း ဖြစ်ပြီး ဖေဖော်ဝါရီလကုန်၌ အစိုးရလက်ဝယ်တွင် ပဲမျိုးစုံ တန်ချိန် ၁၉.၇ သိန်းကိုသာ သိုလှောင်ထားနိုင်ကြောင်း သိရှိရသည်။

Source: Business Standard, 18 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)