အင်ဒိုနီးရှားနိုင်ငံ၌ အိဒ်ဘာသာရေးပွဲတော်မတိုင်မီ ဈေးကွက်လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် ၂၂၅၀၀ တင်သွင်းနိုင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က ၁၈-၃-၂၀၂၄ နေ့တွင် ပြော ကြားခဲ့သည်။
အစိုးရအနေဖြင့် ပြည်တွင်း၌ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်နေသော်လည်း ယခုအချိန်တွင် နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Bulog အား ပြည်ပမှ ဆန် ဝယ်ယူတင်သွင်းစေရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်တန်ချိန် ၂၂၅၀၀ ကို တင်သွင်းသွားမည်ဖြစ်ကြောင်း Bapanas ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က သမ္မတ အိမ်တော်တွင် ကျင်းပပြုလုပ်သည့် သမ္မတ Joko Widodo ဦးဆောင်သော အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
Bapanas အေဂျင်စီသည် စပါးအမြောက်အမြား ရိတ်သိမ်းရာသီဖြစ်သော ယခုနှစ် မတ်လမှ ဧပြီလအတွင်း ထွက်ရှိသည့် ဆန်စပါးများကို လက်ခံရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေ ကြောင်း၊ လယ်သမားများ အနေဖြင့် ရည်မှန်းထားသည့် စပါးအထွက်ပမာဏကို ရရှိမည်ဟု ရှုမြင်ထားပြီး အဓိကစားသုံးကုန်ဖြစ်သော ဆန်ဈေးနှုန်းများမှာ ကျဆင်းလာမည်ဟု မျှော်လင့်ထားကြောင်း၊ အကျိုးခံစားခွင့်ရှိသည့် သန်းပေါင်းများစွားသော ပြည်သူများထံသို့ ဆန်အခမဲ့ ဖြန့်ဝေပေးခြင်း အပါအဝင် ပြည်သူများ ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၌ အစိုးရသည် အကျိုးခံစားခွင့်ရှိသည့် အိမ်ထောင်စုပေါင်း ၂၂ သန်းသို့ လစဉ် ဆန် ၁၀ ကီလိုဂရမ်နှုန်းဖြင့် ၇ လကြာ ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ၆ လကြာ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါအစီအစဉ်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စားနပ်ရိက္ခာများ ဈေးနှုန်းသက်သာစွာရရှိရေးလှုပ်ရှားမှုနှင့် သီးခြားစီဖြစ်ကြောင်း Mr. Adi ကပြောဆိုခဲ့သည်။
အဆိုပါ ဆန်အခမဲ့ ထောက်ပံ့ရေး အစီအစဉ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေ ၈% ၏ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ အင်ဒိုနီးရှား အစိုးရအနေဖြင့် Bulog အဖွဲ့၏ လက်ဝယ်၌ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖူလုံမှုရှိစေမည့် ဆန်တန်ချိန် ၁.၂ သန်းခန့်ကို သိုလှောင်ထိန်းသိမ်းထားနိုင်ရေး သေချာခိုင်မာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: The Sun, 18 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)