ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်မှသည် (G.I)ရရှိရေးဆီသို့ဦးတည်

Powered by Drupal

            မြန်မာလူမျိုးတို့၏ နေ့စဉ်အဓိကစားသုံးသော အစားအစာမှာဆန်ဖြစ်ပြီး ဆန်ကို ထမင်းအဖြစ် လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်လည်းကောင်း ပြုလုပ်၍ စားသုံးကြပါသည်။ စားသုံးသူပြည်သူများအတွက် အမျိုးအစားအလိုက် အရည်အသွေးပြည့်မီသောဆန်များကို မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်မှာ လွန်စွာအရေးပါလှသည့်အားလျော်စွာ အရည်အသွေးပြည့်မီသော ဆန်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီဖြစ်ပြီး ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီ ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ၂၀၂၁-၂၀၂၂ခုနှစ်မိုးစပါးရာသီတွင် စပါး(၆၇၂၇၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါး(၃၅၆၇၅၂)ဧကစိုက်ပျိုးသဖြင့် စိုက်ဧက၏(၅၃)% စိုက်ပျိုးပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး တစ်ဧကလျှင် ကွက်ကောက်အထွက်နှုန်း(၈၂)တင်း ထွက်ရှိသဖြင့် စုစုပေါင်း (၂၉၂၅၃၆၆၄)တင်းခန့်ထွက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါးကိုနှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုများသည်နှင့်အညီ ရွှေဘိုပေါ်ဆန်း (Geographical Indication) (G.I)ရရှိရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ShweBo Paw San Farming, Milling & Trading Association တို့မှ ပြင်သစ်နိုင်ငံ GRET Myanmar ၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၂၀ခုနှစ်မှစ၍ (၃)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ (G.I)ဧရိယာမှာ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ဖြစ်သော ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ (G.I)ရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Covid -19 ကာလများတွင်လည်း  Virtual Meetingစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှစတင်ပြီး GRET Myanmarမှ  ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်  အဆင်ပြေလွယ်ကူစေရန် Admin Officer ဝန်ထမ်း(၁)ဦးနှင့် Extension Officerဝန်ထမ်း(၃)ဦးခန့်အပ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးဆောင်ရွက်ရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးကဏ္ဍသည် လွန်စွာအရေးကြီးလှသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အားလျော်စွာ JICA Project ဖြင့် JAPAN SATAKE Company၏ စက်ပစ္စည်းများဖြင့် Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအုပ်စု၊ စိုင်နိုင်ကွေ့တွင် ၂၀၂၀ခုနှစ်၌ ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)၌ ၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးအတွက် ရွှေဘိုပေါ်ဆန်းမျိုးစပါး သန့်စင်ခြင်းနှင့် အခြောက်ခံခြင်းလုပ်ငန်းများကို ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးဆောင်၍ (၂၂.၁၂.၂၀၂၁)ရက်နေ့မှစ၍ Test Run ပြုလုပ်ပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်း မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းကို စပါးတင်း(၁၀၀)လျှင် (၇၀၀၀ဝိ/-)နှုန်း၊ သန့်စင်ခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းနှင့် အခြောက်ခံခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းဖြင့် သတ်မှတ်၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းမျိုးစပါး အခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများကို Seed Center Type-A တည်ရှိရာ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ရှိ အကျိုးဆောင်မျိုးစေ့ထုတ်တောင်သူများမှ လာရောက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ထိ အခြောက်ခံသည့် ရွှေဘိုပေါ်ဆန်းစပါး (၈၁၅)တင်းရှိပြီး သန့်စင်သည့်ရွှေဘိုပေါ်ဆန်းစပါး (၅၉၁၃.၅)တင်းရှိကြောင်း သိရှိရပါသည်။ အခြောက်ခံ၊ သန့်စင်ပြီးသော ရွှေဘိုပေါ်ဆန်းစပါးများကို (21 kg /တစ်တင်း)အိတ်နှင့် (31.5kg/ တစ်တင်းခွဲအိတ်)စသည်ဖြင့် မျိုးစေ့ထုတ် တောင်သူဦးကြီးများ၏ စိတ်ကြိုက် တောင်သူဦးကြီးများ၏ တံဆိပ်ရိုက်အိတ်များဖြင့်လည်းကောင်း၊ ရိုးရိုးအိတ်များဖြင့်လည်းကောင်း အိတ်ချုပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

       Seed Center Type-Aတွင် စပါးခွံဖြင့်အခြောက်ခံစက်နှင့် ဒီဇယ်ဖြင့်အခြောက်ခံစက်ဟူ၍ (၂)မျိုးပါရှိသည့်အတွက် ယခုနှစ်တွင် ဒီဇယ်ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း စပါးခွံပေါများသည့် ဒေသဖြစ်သဖြင့် စပါးခွံနှင့် အခြောက်ခံနိုင်သော အားသာချက်ရှိ၍ ကုန်ကျစရိတ်သက်သာပါသည်။ ၎င်းအခြောက်ခံစက်တွင် စပါးထည့်သည့်ကန်နှစ်ကန်ပါရှိပြီး တစ်ကန်လျှင်စပါး(တင်း၆၀၀/၁၂တန်) ဝင်ဆံ့သဖြင့် တစ်ကြိမ်လျှင် စပါး(တင်း၁၂၀၀/၂၄တန်)အခြောက်ခံ၍ရကြောင်း သိရှိရပါသည်။ အဆိုပါ Seed Center Type-Aတွင် Operator (၁)ဦးနှင့် အိတ်ချုပ်လုပ်သား(၅)ဦးဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

       ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း၍ G.I National Project Coordinatorနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာမှလည်း မျိုးစေ့၊ မျိုးသန့်စက်ရုံလည်ပတ်နိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများအား မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်နိုင်ပါကြောင်း နိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်တောင်သူများ၏ အခြောက်ခံ သန့်စင်ပြီးသော မျိုးစပါးများကို မျိုးစေ့အရည်အသွေးစစ်ဆေးရန် မျိုးစေ့နမူနာ(Seed Sample)ရယူ၍ မျိုးဖြန့်ခွင့်ရကြောင်း အဝါကဒ်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပြီး ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

      ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချသည့် ဆန်စက်လုပ်ငန်းရှင်များ ဆန်ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရွှေဘိုပေါ်ဆန်း (G.I)ရရှိနိုင်ရေးအတွက် လိုအပ်သော အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version.O အတည်ပြုသတ်မှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုမြို့ရှိ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် (၆.၁၂.၂၀၂၁)ရက်နေ့မှ (၂၄.၁.၂၀၂၂၂)ရက်နေ့ထိ လေးကြိမ်တိုင်ကျင်းပခဲ့ပြီး  အဆိုပါအလုပ်ရုံဆွေးနွေးပွဲများမှ သဘောတူညီချက်ဖြင့် ဆွေးနွေးရရှိမှုများ အားအတည်ပြုသတ်မှတ်မည့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရုံးသို့ လာရောက်တက်ရောက်ရန် အခက်အခဲရှိသူများအနေဖြင့် Virtual Meetingစနစ်ဖြင့် တက်ရောက်နိုင်ရန်စီစဉ်ပေးကြောင်း သိရှိရပါသည်။

     ရွှေဘိုခရိုင်မှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည် သဖန်းဆိပ်ရေလှောင်တမံတည်ရှိပြီး ဘုရားပေးသည့် ရေ၊ မြေ၊ ရာသီဥတုရှိသဖြင့် အရည်အသွေးကောင်းခြင်း၊ Seed Center Type-A သည်လည်း  မြန်မာနိုင်ငံတွင် တစ်ခုတည်းသောစက်ရုံဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်း အရည်အသွေး ကောင်း မျိုးစပါးများ မပပျောက်စေရေးအတွက် ထိန်းသိမ်းနိုင်ခြင်း၊ JAPAN နိူင်ငံ၏ ခေတ်မီအဆင့်မြင့် SATAKE သန့်စင်စက်တွင် Thickness Greder ပါသဖြင့် အလုံးsize မတူညီသည့်စပါးများကို ပယ်ခြင်း၊ Gravity ပါသည့်အတွက် စပါးအလေးအပေါ့အဖျင်း၊ အမှော်ကိုပယ်သည့်အတွက် သန့်စင်ပြီး ရွှေဘိုပေါ်ဆန်းမျိုးစပါးများသည် အလုံး size နှင့် weightညီ၍ ၁၀၀%နီးပါး မျိုးကောင်းမျိုးသန့်ရရှိခြင်း၊ စပါးအခြောက်ခံရာတွင်လည်း အပင်ပေါက်နှုန်း(Germination Rate) မထိခိုက်စေရန် အပူချိန် ၄ဝံCထက်ပို၍မပေးသဖြင့် စပါးအားလုံး အခြောက်ညီခြင်းစသည့် အားသာချက်များရှိပါသည်။ သို့ဖြစ်ပါ၍ စက်ရုံမှ သန့်စင်သောမျိုးစပါးများကို စိုက်ပျိုး၍ထွက်ရှိလာသော စပါးများသည့် အရည်အသွေးပြည့်မီသည့်အပြင် အထွက်နှုန်းကောင်းသည့်အတွက် စက်ရုံမှ အခြောက်ခံသန့်စင်သော မျိုးစပါးများကိုသာ သုံးစွဲသင့်ပါသည်။

       Seed Center Type-Aတွင် အခြောက်ခံစက်နှင့် သန့်စင်စက်များ လည်ပတ်နိုင်ရန် မီးစက်နှင့် အသုံးပြုရ၍ လျှပ်စစ်မီးမမှန်ခဲ့ပါက ကုန်ကျစရိတ်များခြင်း၊ မျိုးသန့်စင်စက်ရုံကြီးသည့်အတွက် အကျိုးဆောင်တောင်သူဦးကြီးများမှ မိမိ၏လယ်တွင် စိုက်ပျိုးရန်လိုအပ်သောမျိုးစပါးများကို တစ်နိုင်တစ်ပိုင် သန့်စင်လိုပါက တစ်ကြိမ်လျှင်တင်း(၅၀)နှင့်အထက်သာ သန့်စင်ပေးသဖြင့် အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိသော်လည်း တောင်သူနှစ်ဦး သုံးဦးပေါင်း၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်းစပါးမျိုးကောင်း၊ မျိုးသန့်ရရှိရေးသည် (G.I)ရရှိရေးအတွက်သာမက ရရှိပြီးပါကလည်း ဆက်လက်၍ အရည်အသွေးထိန်းသိမ်းရန်လိုအပ်ပါသည်။ ရွှေဘိုပေါ်ဆန်း(G.I) ရရှိပါက စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည် များအားလုံးအတွက် များစွာအကျိုးရှိခြင်းနှင့် ကွင်းဆက်တစ်ခုလုံးအကျိုးအမြတ်ရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အဓိကအနေဖြင့် တောင်သူများမှ အရည်အသွေးမီသည့် မျိုးစေ့များရရှိလာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် သက်ဆိုင်သည့်ဌာနများ၊ စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအားလုံး ဟန်ချက်ညီညီ အတူတကွစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ပိုမိုလျင်မြန်စွာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး