CEO အသစ် ပထမဆုံးတာဝန်ယူသည့်နှစ်တွင် တိုယိုတာမော်တာ၏ တန်ဖိုး၂ဆမြင့်တက်လာ

Powered by Drupal

     တိုယိုတာမော်တာ၏ ဥက္ကဋ္ဌနှင့် စီအီးအိုအဖြစ် ကိုဂျီဆာတိုတာဝန်စယူသည့် ပထမဆုံးနှစ်တွင် ကုမ္ပဏီသည် တန်ဖိုးအားဖြင့်သာမက ဝင်ငွေရရှိမှုတွင်ပါ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ (၁-၃-၂၀၂၄) ရက်နေ့တွင် တိုယိုတာသည် စျေးကွက်တန်ဖိုးအားဖြင့် အမေရိကန်‌ဒေါ်လာ (၃၉၅)ဘီလီယံတန်ဖိုးရှိသည့် ပထမဆုံးဂျပန်ကုမ္ပဏီဖြစ်လာခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လအကုန်ပိုင်းထက် (၂)ဆတန်ဖိုးတက်လာခဲ့ပါသည်။ တိုယိုတာ၏ စျေးကွက်တန်ဖိုးအသစ်သည် ၁၉၈၇ခုနှစ်တွင် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ NTT တင်ရှိထားသည့် စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါသည်။ Telsa ကုမ္ပဏီသည် စျေးကွက်တန်ဖိုးအားဖြင့် အမေရိကန်‌ဒေါ်လာ (၅၃၀.၆)ဘီလီယံဖြင့် ကမ္ဘာ့စျေးကွက်တွင် တန်ဖိုးအမြင့်ဆုံးကားထုတ်လုပ်သူအဖြစ်ရပ်တည်ခဲ့ပြီး တိုယိုတာထက် တန်ဖိုး (၄၀)ရာခိုင်နှုန်းအသာတွင်ရှိနေပါသည်။ တိုယိုတာတန်ဖိုးမြင့်တက်လာမှုတွင် Hybrid ကားများရောင်းချရမှုလည်းပါဝင်နေပါသည်။ ၂၀၂၄ခုနှစ်တွင် Hybrid ကားအစီးရေ (၃.၄၂)သန်းရောင်းချခဲ့ရပြီး ၂၀၂၃ခုနှစ်ထက် (၃၁)ရာခိုင်နှုန်းခုန်တက်လာကြောင်းသိရပါသည်။ တိုယိုတာ၏ Hybrid RAV4 ကားအမျိုးအစားသည် မြောက်အမေရိကနှင့် ဥရောပတို့တွင် လူကြိုက်များလျက်ရှိပြီး တိုယိုတာ Hybrid ကားရောင်းချရမှုသည် တစ်ကမ္ဘာလုံး Hybrid ကားစျေးကွက်၏ ၆၀ရာခိုင်နှုန်းပမာဏရှိကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် တိုယိုတာသည် လျှပ်စစ်ကားရောင်းချမှုတွင် အခက်အခဲနှင့်ကြုံတွေ့လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စတုတ္ထလေးလပတ် ကုန်ဆုံးချိန်ထိ လျှပ်စစ်ကားအစီးရေစုစုပေါင်း (၁၀၄၀၀၀)စီးသာရောင်းချခဲ့ရပြီး တိုယိုတာကားအမျိုးအစားပေါင်းစုံ ရောင်းချရမှုပမာဏ၏ ၁ရာခိုင်နှုန်းသာရှိခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်၏ လျှပ်စစ်ကားရောင်းချရမှု၌ တိုယိုတာနံပါတ်မှာ (၂၄) နေရာတွင်ရှိခဲ့ပြီး Telsa က အစီးရေ (၁.၈)သန်းဖြင့်  ပထမ၊ BYD က အစီးရေ (၁.၅၇)သန်းဖြင့် ဒုတိယ၊ Volkswagen က အစီးရေ (၇၇၀၀၀၀)ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပါသည်။ တိုယိုတာသည် ၂၀၂၆ခုနှစ်တွင် လျှပ်စစ်ကားအမျိုးအစားသစ် (၁၀)မျိုးကို စျေးကွက်တင်သွင်းရန်စီစဥ်လျက်ရှိပြီး အဆိုပါနှစ်တွင် လျှစ်စစ်ကားအစီးရေ (၁.၅၇)သန်းနှင့် ၂၀၃၀ခုနှစ်တွင် အစီးရေ (၃.၅)သန်းရောင်းချနိုင်ရန် ရည်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)