တရုတ်နှင့် ဘရာဇီးတို့၌ အထွက်တိုးတက်မှုက အမေရိကန်၏ ၂၀၂၅ ခုနှစ် ပြောင်းသီးနှံပို့ကုန် ကျဆင်းစေဖွယ်ရှိ

Powered by Drupal

     တရုတ်နိုင်ငံ၌ ပြောင်းသီးနှံအစား ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးရန် အစိုးရက ဆွဲဆောင် တွန်းအား ပေးလျက်ရှိသော်လည်း ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့်အတိုင်း ၂၀၂၄ ခုနှစ်၌လည်း ဆက် လက်၍ စံချိန်တင်တိုးတက်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

    တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ အမေရိကန် စိုက်ပျိုးရေးသံမှူး၏ ဧပြီလ ပထမပတ်၌ ခန့်မှန်း ချက်အရ ၂၀၂၄-၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းသီးနှံထုတ်လုပ်မှုမှာ စိုက်ပျိုးသည့်ဧရိယာ တိုးချဲ့မှုနှင့် အထွက်နှုန်း ကောင်းမွန်မှုကြောင့် ၂.၄% ခန့် တိုးတက်လျက် မက်ထရစ်တန် ၂၉၆ သန်း အထိ စံချိန်တင် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါပမာဏသည် ၄ နှစ်ဆက်တိုက် စံချိန်တင် တိုးတက်မှုဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်၌ တရုတ်နိုင်ငံ၏ ပြောင်းထုတ်လုပ်မှုမှာ တန်ချိန် ၂၆၁ သန်း ခန့်သာရှိခဲ့သည်။

     စားနပ်ရိက္ခာဖူလုံရေးသည် တရုတ်နိုင်ငံအတွက် အဓိကအလေးထားရမည့်ကိစ္စရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး သွင်းကုန်အပေါ် အမှီပြုနေရမှုအား လျှော့ချရေးသည် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ ၂၀၂၃-၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြောင်း တင်သွင်းမှုမှာ ပြည်တွင်းစားသုံးမှုပမာဏ၏ ၈% ခန့်ရှိပြီး ပဲပုပ်တင်သွင်းမှုမှာမူ ၈၇% အထိရှိသဖြင့် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း ပြောင်းသီးနှံထက် ပဲပုပ်စိုက်ပျိုးမှုအတွက် လယ်သမားများသို့ အမတော်ကြေးများထောက်ပံ့မှုကို တိုးမြှင့်ပေးခဲ့သည်။

     မကြာသေးမီကာလအတွင်း ပြောင်းသီးနှံ၏ အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာခြင်း၊ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသည့် သီးနှံမျိုးစေ့များကို အသုံးပြုစိုက်ပျိုးလာနိုင်ခြင်းတို့ကြောင့် ပဲပုပ်စိုက်ပျိုးမှုထက် ပြောင်းသီးနှံစိုက်ပျိုးမှုမှ အမြတ်အစွန်းပိုမိုရရှိရန် တရုတ်လယ်သမားများက မျှော်လင့်လျက်ရှိကြသည်။ တရုတ်နိုင်ငံ၏ ၂၀၂၄-၂၅ ခုနှစ် ပြောင်းသီးနှံ စိုက်ပျိုးမှုဧရိယာတွင် မျိုးရိုးဗီဇပြုပြင်ထားသည့် မျိုးစေ့သုံးစွဲမှုမှာ ၁.၅% ခန့်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန က ခန့်မှန်းထားပြီး ရှေ့လာမည့် ၂ နှစ်အတွင်း ၁၅% အထိ တိုးတက်လာနိုင်ခြေရှိသည်။

      လွန်ခဲ့သော ၄ နှစ်အတွင်း ပြောင်းသီးနှံထွက်ရှိမှု တိုးတက်မြင့်မားလာခဲ့သော်လည်း ပြည်ပ မှ တင်သွင်းနေရမှုကို တဖြည်းဖြည်းလျှော့ချရန်အတွက် တရုတ်နိုင်ငံ၌ ပြောင်းသီးနှံမည်မျှ တိုးချဲ့ စိုက်ပျိုးရမည်ဆိုသည်မှာ ရှင်းလင်းမှုမရှိသေးကြောင်း၊ ဘေဂျင်းရှိ အမေရိကန် စိုက်ပျိုးရေးသံမှူး၏ ခန့်မှန်းချက်အရမူ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တင်သွင်းမှုပမာဏ တန်ချိန် ၂၃ သန်းအောက် လျော့ကျလျက် ၂၀၂၄-၂၅ ခုနှစ်တွင် ပြောင်းတန်ချိန် သန်း ၂၀ ခန့်သာ တင်သွင်းဖွယ်ရှိကြောင်း သိရှိရသည်။

     တရုတ်နိုင်ငံသို့ အစေ့ထုတ်ပြောင်း အဓိကပေးသွင်းလျက်ရှိသည့် ဘရာဇီးနိုင်ငံတွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခုနှစ်ထက် ၂၀၂၄-၂၅ ခုနှစ်၌ ၆% မြင့်တက်လျက် ပုံမှန်အထွက်နှုန်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ဘရာဇီးနိုင်ငံအခြေစိုက် အမေရိကန် စိုက်ပျိုးရေးသံမှူးက အစီရင်ခံ တင်ပြထားသည်။ သို့သော် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ စိုက်ပျိုးမှုနည်းပါးပြီး စိုက်ဧရိယာ အများစု မှာ စိုက်ပျိုးထားရှိဆဲဖြစ်ရာ ဘရာဇီးဈေးကွက်တွင် ပြောင်းဈေးနှုန်းမြင့်မားမှုရှိပြီး ပြိုင်ဖက် ပို့ကုန် နိုင်ငံများအတွက် မျက်နှာသာပေးသည့် အခြေအနေရှိသည်။

    အမေရိကန် သန်းခေါင်စာရင်းဗျူရို (Census Bureau) ၏ ၄-၄-၂၀၂၄ နေ့ ထုတ်ပြန်သော စာရင်းများအရ အမေရိကန်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပြောင်းတင်ပို့မှုမှာ  တန်ချိန် ၅.၃၇ သန်းဖြင့် ၉ လမြောက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် ယခင်နှစ်ကာလတူထက် ၆၄% တိုးတက်ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်တာ ပျမ်းမျှတင်ပို့မှု၏ အထက်တွင်ရှိကြောင်း သိရှိရသည်။

    အမေရိကန်နိုင်ငံ၌ မတ်လမှ မေလအထိ ကာလသည် ပြောင်းတင်ပို့မှု အများဆုံးကာလဖြစ်သည်။ အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ မတ်လ ၂၈ ရက်နေ့၌ ကုန်ဆုံး သော ရက်သတ္တပတ်အတွင်း ပြောင်းတင်ပို့မှုမှာ တန်ချိန် ၁.၆၄ သန်းဖြင့် ဈေးကွက်တင်ရောင်း ဝယ်ရေးနှစ် ၁ နှစ်အတွင်း တစ်ပတ်တာ အများဆုံးပမာဏဖြစ်ခဲ့ကြောင်း၊  သို့ရာတွင် ဖေဖော်ဝါရီ လ၌ အမေရိကန်မှ ပြောင်းတင်ပို့သည့် ဈေးကွက်များတွင် တရုတ်နိုင်ငံ ပါဝင်ခဲ့ခြင်းမရှိပဲ မတ်လ အတွင်း၌ သင်္ဘောပို့မှု ၂ ကြိမ်သာရှိကြောင်း၊ မတ်လ ၂၈ ရက်နေ့ရှိ စာရင်းအရ ၂၀၂၃-၂၄ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ်ယူထားသည့် အမေရိကန်ပြောင်း ၁၅၇၁၀၀ တန်သာ သင်္ဘောတင်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ၎င်းနေ့ရက်အတွက် ၇ နှစ် တာ ကာလအတွင်း အနိမ့်ကျဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

    ၂၀၂၄-၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းသီးနှံ အထွက်ပမာဏ တိုးတက်လာနိုင်မှုနှင့် ဘရာဇီးနိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည့် အလားအလာရှိမှုတို့အရ အမေရိကန်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ပြောင်းသီးနှံပို့ကုန်မှာ လျော့ကျနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 4 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)