အိန္ဒိယနိုင်ငံ၌ စားအုန်းဆီတင်သွင်းမှုကျဆင်းပြီး နေကြာဆီတင်သွင်းမှုမြင့်တက်

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ် မတ်လအတွင်း နေကြာဆီတင်သွင်းမှုမှာ ယခင်လကထက် ၅၁% မြင့်တက်ခဲ့ကြောင်း၊ ပြိုင်ဖက် စားအုန်းဆီထက် ဈေးနှုန်းသက်သာမှုရှိသဖြင့် စားသုံးဆီ ပြန်လည် သန့်စင်ထုတ်လုပ်သည့် စက်ရုံများသည် စားအုန်းဆီအစား နေကြာဆီကို ပိုမိုတိုးတက် ဝယ်ယူလာခြင်းဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ၂-၄-၂-၂၄ နေ့တွင် ဖော်ပြခဲ့သည်။

     ၎င်းတို့၏ ပြောဆိုမှုအရ အိန္ဒိယနိုင်ငံသည် မတ်လတွင် နေကြာဆီ မက်ထရစ်တန်ချိန် ၄၄၈၀၀၀ တန်ကို တင်သွင်းခဲ့ကြောင်း၊ စားအုန်းဆီတင်သွင်းမှုမှာ ၃.၃% ကျဆင်းလျက် တန်ချိန် ၄၈၁၀၀၀ တန်သာရှိပြီး ၂၀၂၃ ခုနှစ် မေလ နောက်ပိုင်းတွင် အနိမ့်ဆုံးအဖြစ် ရောက်ရှိခဲ့ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာ ဖေဖော်ဝါရီလထက် ၂၇% ပိုမိုလျက် တန်ချိန် ၂၂၀၀၀၀ ရှိကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် တင်ပို့မည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်ခများ ပါဝင်သည့် စားအုန်းဆီကြမ်း ၁ တန်၏ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းအရောက်တန်ဖိုး (CIF ဈေးနှုန်း) သည် ဒေါ်လာ ၁၀၂၀ ခန့်ကျသင့်ချိန်၌ ပဲပုပ်ဆီသည် ဒေါ်လာ ၁၀၀၀ နှင့် နေကြာဆီသည် ဒေါ်လာ ၉၆၀ ခန့်သာရှိကြောင်း၊ ပုံမှန်အားဖြင့် စားအုန်းဆီဈေးနှုန်းသည် ပြိုင်ဖက် ပဲပုပ်ဆီနှင့် နေကြာဆီတို့ အောက် နိမ့်ကျမှုရှိသော်လည်း ကုန်လက်ကျန်ပမာဏ ကျဆင်းလျက်ရှိသဖြင့် ဈေးနှုန်းများ မြင့်မား နေခြင်းဖြစ်ကြောင်း သိရှိရသည်။

     နေကြာဆီနှင့် ပဲပုပ်ဆီ အမြောက်အမြားတင်သွင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် မတ်လအတွင်း စားသုံးဆီတင်သွင်းမှု စုစုပေါင်းသည် ၆ လအတွင်း အမြင့်ဆုံးအဖြစ် တန်ချိန် ၁.၁၄၉ သန်းရှိပြီး ယခင်လထက် ၁၈.၇% မြင့်တက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းတို့မှလည်းကောင်း၊ ပဲပုပ်ဆီနှင့် နေကြာဆီကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှလည်းကောင်း အဓိကတင်သွင်းကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 2 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)