" စွန့်ပစ်ပစ္စည်းတာယာအဟောင်းများမှသည် တန်ဘိုးမြှင့်ထုတ်ကုန်များ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ"

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဒေါ်စန်းမြင့်ရီသည် တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  နိုင်ငံခြားသုံးငွေလျှော့ချရေး ပြည်တွင်းထုတ်ကုန်ကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဒေသတွင်း လုပ်ငန်းတစ်ခုဖြစ်သည့် စွန့်ပစ်ပစ္စည်း တာယာအဟောင်းမှ အိမ်အသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် (၁၀.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်တွေ့ဆုံမေးမြန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဦးဝင်းညွှန့်၏ ပြောကြားချက်အရ ကားတာယာအဟောင်းများ ရောင်းဝယ်ခြင်းလုပ်ငန်းအား (၁၉၈၈-၁၉၈၉)ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး လက်မှုပညာ ကျွမ်းကျင်သော အလုပ်သမား(၂)ယောက်ရှိကြောင်း (၁၉၉၀) နှစ်ဆန်းပိုင်းလောက်မှစ၍ မိမိကိုယ်တိုင် အပါအဝင် အလုပ်သမား(၂)ယောက်နှင့် တာယာအဟောင်းများမှ ရေပုံး၊ ရေဇလား အရွယ်အစားအမျိုးမျိုး ကားနှင့်ပါတ်သက်၍လည်း ကားလေးရှော့ဘွတ်၊ ခါးဘောတိုင်၊ ဖရိန်ခင်းပြား၊ လေးရှော့ ပြား၊ ဒန်ခဲတုံးနှင့် ကားပစ္စည်းအမျိုးမျိုး၊ ဆီစက်များနှင့်ပါတ်သက်၍လည်း မြေပဲခွဲခုံ၊ ကြိတ်ပြား/ လုံး၊ ပတ္တာကြိုးအမျိုးမျိုးများလည်း ထုတ်လုပ်နေကြောင်း၊ ဇာတိမြေဖြစ်သော ပခုက္ကူမြို့နယ်၊ ကန်တော်ရွာရှိ အိမ်ထောင်စုအများစုမှာ တာယာအဟောင်းများမှ ရေပုံး၊ ရေအိုး၊ ဇလား၊ ယောကျ်ားစီး/ မိန်းမစီးဖိနပ်များ ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြကြောင်းသိရှိရပါသည်။

          ရေပုံး၊ ရေဇလားများ ပြုလုပ်ရာတွင် တာယာများကို အလွှာလိုက်ခွာရပြီး တာယာတစ်လုံးခွာ လျှင် ခွာခ(၃၀၀၀)ကျပ်ပေးရပြီး တာယာတစ်လုံးခွာါလျှင် ရေပုံး(၆)ပုံး၊ ဇလားပြုလုပ်မည်ဆိုပါက (၃)လုံး ထွက်ရှိကြောင်း၊ အလုပ်သမားများအား တစ်နေ့(၈၀၀၀-၁၀၀၀၀)ကျပ်ပေးရ၍ ရေပုံးတစ်ပုံးလျှင် အရင်း(၁၂၀၀)ကျပ်၊ ဇလားတစ်ခုလျှင် (၁၄၀၀)ကျပ်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ယောမြို့နယ်သို့ အများဆုံးတင်ပို့ရောင်းချရပြီး ပခုက္ကူမြို့မဈေးနှင့် မြိုင်မြို့နယ်များသို့လည်း ရောင်းချရကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် ရေပုံးတစ်လုံး(၁၄၀၀)ကျပ် နှင့်ဇလားတစ်လုံး(၁၆၀၀)ရရှိ၍ အမြတ်(၂၀၀)ကျပ်ကျန်ရှိကြောင်း သိရှိရပါသည်။

         ယခုနောက်ပိုင်းကာလများတွင် စားပွဲ၊ ကုလားထိုင်များ ပြောင်းလဲလုပ်ဆောင်လာခဲ့ကြောင်း၊ ပြုလုပ်ရာတွင် (၁၆)တာယာခွေကို အဓိကထား၍ပြုလုပ်ပြီး တာယာအသေးလေးများ ဖြတ်တောက်ကာ ကျားကွက်ပုံယက်လုပ်၍ ကုလားထိုင်ကြမ်းခင်း၊ စားပွဲကြမ်းခင်းအဖြစ် အသုံးပြုပြီး တာယာခွေအဝိုင်းများအား ဒေါက်တိုင်အဖြစ်အသုံးပြုကြောင်း၊ ပြုလုပ်ပြီးစားပွဲ၊ ကုလားထိုင်များကို တစ်လုံးလျှင် ဆေးမသုတ်ခင်(၈၀၀၀)ကျပ်နှင့် ဆေးသုတ်ပြီးပါက(၉၀၀၀-၁၀၀၀၀)ကျပ် ဈေးနှုန်းသတ်မှတ် ရောင်းချကြောင်း၊ ကားတာယာ၊ စားပွဲ၊ ကုလားထိုင်များမှာ ပလပ်စတစ်/ ထန်း/ ဝါးတို့ဖြင့် ပြုလုပ်သည့် ပစ္စည်းများထက် ကြာရှည်ခိုင်ခံ့ကြောင်းလည်း သိရပါသည်။

          ယခုအချိန်တွင် သစ်သား/ ကြိမ်များ ရှားပါးလာသည့်အတွက် သစ်သားဆက်တီခုံများနေရာတွင် တာယာဆက်တီခုံများ အစားထိုးသုံးစွဲလာသည်ကိုလည်း တွေ့ရှိရပါသည်။ ကုလားထိုင်နှင့် စားပွဲပြုလုပ်ရာတွင် (၂၅)တာယာခွေကို အလွှာလေးများဖြတ်ပြီး  ကျားကွက်ပုံယက်လုပ်၍ ဆိုင်ကယ်တာယာနှင့် အဝိုင်းပတ်ခွေပြုလုပ်ကြောင်း၊ ဒေါက်တိုင်အတွက် (၂၀)တာယာခွေကို တစ်ဝက်ဖြတ်ပြီး အသုံးပြုရကြောင်း၊ ကုလားထိုင်အတွက်အမှီကို ဆိုင်ကယ်တာယာ(သို့မဟုတ်) စက်ဘီးတာယာကို ခွေ၍ အနားကွပ်ကြောင်း၊ ဒေါက်တိုင်ကို စားပွဲတွင်အသုံးပြုသည့် (၂၀) တာယာကိုပင်အသုံးပြုကြောင်း၊ စားပွဲတစ်လုံးနှင့် ဆက်တီတစ်စုံစာအတွက် (၂၀)တာယာခွေ အခွေ (၂၀)နှင့် (၂၅)တာယာခွေ (၄)ခွေကုန်ကျကြောင်း၊ စားပွဲ/ ကုလားထိုင်ပြုလုပ်ရန်အတွက် စိတ်ရှည်၍ အနုပညာမျက်စိရှိရန်လည်း လိုအပ်သည့်အတွက် လုပ်သားခကို တစ်ဦးတစ်ရက်လျှင် (၁၀၀၀၀)ကျပ် နှုန်းဖြင့် (၃)ရက်ကြာအောင်ပြုလုပ်ရကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ယခုမှစတင်ထိုး ဖောက်ရမည်ဖြစ်ပြီး တာယာဆက်တီတစ်စုံလျှင် (၁၂၀၀၀၀)ကျပ်ကျော်ကုန်ကျ၍ (၁၅၀၀၀၀)ကျပ် နှုန်းဖြင့်ပြန်ရောင်းရန် လျာထားသည့်အတွက် အမြတ်ငွေ(၃၀၀၀၀)ကျပ်သာ ကျန်ရှိမည်ဖြစ်သည့် အတွက် ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း သိရှိရပါသည်။

          ယခုအခါ ကျွန်းသစ်တစ်တန်လျှင် သိန်း(၂၀)ခန့်ပေါက်ဈေးရှိရာ သစ်သားဆက်တီတစ်စုံလျှင် (၄သိန်းမှ ၁၀သိန်းအထိ) ရှိလာသည့်အတွက် လူလတ်တန်းစားများအနေဖြင့် ကျွန်းဆက်တီများ နေရာတွင် စွန့်ပစ်ပစ္စည်း တာယာများမှပြုလုပ်သည့် တာယာဆက်တီများကို အစားထိုးသုံးစွဲလာရသည့်အတွက် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်သည့်အပြင် ပြည်တွင်းဖြစ် စွန့်ပစ်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများကို တန်ဘိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်လာသည့် ကားတာယာလုပ်ငန်းများ ပိုမိုတိုးတက်လာရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများပံ့ပိုး ပေးနိုင်မည်ဆိုပါက ပိုမိုဆန်းသစ်တီထွင်ကာ လုပ်ငန်းများလည်း ပိုမိုးတိုးတက် အောင်မြင်လာမည် ဖြစ်သည့်အပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများလျော့ကျကာ လူ့စွမ်းအားအရင်းအမြစ် များလည်း တိုးပွားလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။

DOCA(မကွေး)